အမေရိကန်အစိုးရက ပေးအပ်သည့် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်းအန္တရာယ် နားလည်ရန်နှင့် မြေမြှုပ်မိုင်းဒဏ် ခံရသူများအား ကူညီရန် အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ကို ၂၀၁၄ခုနှစ် မတ်လ ၂၀ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ မြို့တော်ခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ကယားပြည်နယ်အစိုးရတို့ ပူးပေါင်းပေးအပ်မည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်သည်။
မိုင်းဒဏ်ခံရသူများကို ကူညီထောက်ပံ့ရန် ထောက်ပံ့ကြေးငွေ ဒေါ်လာ ၁၁၀,၀၀၀ ကို သက်ဆိုင်ရာ အဖွဲ့အစည်းခြောက်ဖွဲ့ကို ပေးအပ်မည်ဖြစ်ပြီး "အခြေခံလူတန်းစားများ၏ မြေမြှုပ်မိုင်းလှုပ်ရှားမှု ကွန်ယက်" ကို တည်ထောင်မည်ဖြစ်သည်။
ထောက်ပံ့ကြေး ရရှိသော အဖွဲ့များသည် မိုင်းအန္တရာယ် အသိပေးလုပ်ငန်း၊ ခေါင်းဆောင်မှု သင်တန်းနှင့် အသက်မွေးမှု အထောက်အပံ့ပေးရေး စီမံကိန်းများကို တာဝန်ယူဆောင်ရွက်ကြရမည်ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
"အခြေခံလူတန်းစားများ၏ မြေမြှုပ်မိုင်းလှုပ်ရှားမှု ကွန်ယက်" ကို ကယားပြည်နယ်အတွင်း မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများက ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး အနာဂတ် မိုင်းအန္တရာယ် အသိရှိရေး လှုပ်ရှားမှုများတွင် ကျန်းမာရေးနှင့် ပညာရေး လုပ်ငန်းများလည်း ပါဝင်သည်။
မြေမြှုပ်မိုင်းဆိုင်ရာ ထောက်ပံ့ကြေး ပေးအပ်ပွဲ အခန်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမတွင် မတ်လ ၂၀ရက်၊ ညနေ ၄ နာရီတွင် ပြုလုပ်မည်ဖြစ်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ် အမှာစကားပြောကြားမည်ဖြစ်သည်။