ပြန်ကြားရေးဝန်ကြီးဌာန၏ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းသည် အစိုးရဝါဒဖြန့်ချိရေး နိုင်ငံ ပိုင်မီဒီယာလုပ်ငန်းများအား အသွင်ပြောင်းဖွဲ့စည်းရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု မြန်မာနိုင်ငံရှိ ပုဂ္ဂလိ ကစာနယ်ဇင်းဆိုင်ရာအဖွဲ့အစည်းများက ဝေဖန်လိုက်သည်။
“ဒီဥပဒေဟာ သူ့အစိုးရရဲ့ ၀ါဒဖြန့်ချိဖို့ လိုအပ်တဲ့ပုံစံကို စကားလုံးလှလှလေးတွေနဲ့ ဖုန်းထားတာပဲ”ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူးဦးကျော်မေင်းဆွေက မဇ္ဈိမကို ပြောသည်။
အဆို ပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှတစ်ဆင့် ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၁၇ ရက်တွင် စတင် တင်သွင်းလိုက်ပြီးနောက် ယင်းသို့ သုံးသပ်ပြောဆိုကြခြင်း ဖြစ်သည်။
ဥပဒေကြမ်းအရ အစိုးရပိုင် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့ကို အများပြည်သူဝန်ဆောင်မှုမီဒီယာဟူ၍ လက်ရှိ နိုင်ငံပိုင်ပစ္စည်းများကို လွှဲပြောင်းရယူ၍ လုပ်ငန်းဆောင်ရွက်မည် ဖြစ်သည်။
ထို့အပြင် လုပ်ငန်းဆက်လက်လည်ပတ်မည့် အသုံးစရိတ်၏ အနည်းဆုံး ရ၀ ရာခိုင်နှုန်း ကို ပြည်သူ့ဘဏ္ဍာငွေမှရယူခြင်း၊ လွှတ်တော်က သတ်မှတ်ပေးသည့် အလားတူပမာဏရှိသော အခွန်အ ခတစ်မျိုးမျိုးကို ရယူခြင်း၊ သတင်းစာရောင်းချခြင်း၊ အခကြေးငွေဖြင့် ကြေညာရယူခြင်း၊ အလှူရှင်များထံမှ အကူအညီရယူခြင်းတို့ စသည့် အထောက်အပံ့တို့ကိုလည်း ရယူမည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကမူ “စစ်မှန်သော စတုတ္ထမဏ္ဍိုင် ထွန်းကားလာစေဖို့အတွက်ဆိုရင် မီဒီယာများဟာ အစိုးရရဲ့ လွှမ်းမိုးခြင်းမှသော်လည်းကောင်း အင်အားကြီးမားသော ပုဂ္ဂလိက အကျိုးစီးပွားများရဲ့ လွှမ်းမိုးချယ်လှယ်ခြင်းမှသော်လည်းကောင်း အသေအချာ ကင်းလွတ်စေရမှာ ဖြစ်ပါတယ်”ဟု ဥပ ဒေကြမ်းရေးဆွဲရခြင်းအကြောင်းကို ပြောသည်။
ထို့ကြောင့် နိုင်ငံပိုင်မီဒီယာအများစုကို အများပြည်သူ အ များပိုင် အများပြည်သူ ၀န်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲရန်လိုအပ်သည်ဟု ၎င်းက ရှင်းပြသည်။
ထိုသို့သောအကြောင်းအရာများ ပါ၀င်သည့် ဥပဒေကြမ်းသည် ပုဂ္ဂလိကသတင်းစာများကို ဖိနှိပ်ရန် ရည် ရွယ်ခြင်းသာဖြစ်သည်ဟု မီဒီယာအဖွဲ့အစည်းတို့က ဆိုသည်။ ပြန်ကြားရေးဝန်ကြီးကမူ ဥပဒေကြမ်း၏ ရည်ရွယ်ချက်နှင့် ဆိုလိုချက်ကို မီဒီယာနှင့်သက်ဆိုင်သည့် ပြည်သူ့လွှတ်တော် အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီက လက်ခံထားပြီးဖြစ်သည့် နိုင်ငံပိုင်မီဒီယာများ ပြုပြင်ပြောင်းလဲရေးစီမံ ချက်အရ ဆောင်ရွက်သည်ဟု ပြောသည်။
“အခုပဲကြည့်ပါ၊ နိုင်ငံပိုင်သတင်းစာတွေ ပြည်သူ့ဘဏ္ဍာသုံးပြီး ကြော်ငြာတွေ လက်ခံနေတာပဲ၊ တင်ပြပုံ ပြောင်းလဲတယ်ဆိုတာကလည်း ဘယ်မှာ သိသိသာသာ ပြောင်းလဲလာလို့လဲ”ဟု မြန်မာဂျာနယ်လစ်ကွန် ရက်အတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။
ယခင်စစ်အစိုးရလက်ထက်ကတည်းက ၎င်း၏အာဘော်များ သာ ရေးသားတင်ဆက်နေသည့် နိုင်ငံပိုင်မီဒီယာများ၏ လွတ်လပ်မှုအပေါ် မေးခွန်းထုတ်စရာများစွာရှိနေ သည်ဟုလည်း ၎င်းက ဆက်လကသုံးသပ်သည်။
ပြန်ကြားရေးဝန်ကြီး၏ လွှတ်တော်သို့ ရှင်းလင်းပြောဆိုချက်၌မူ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ပြုပြီး ချိန်အထိ အသက် ၁၀ နှစ်အထက် စာဖတ်နိုင်သူ ၄၉ သန်းအနက် ၄၃ သန်းသည် သတင်းစာဖတ်ခွင့်မရ သေးဟု ဆိုသည်။ ထို့ကြောင့် အဆိုပါဟာကွက်ကို အကျိုးအမြတ်မယူသော အများပြည်သူဝန်ဆောင်မှု မီဒီယာကသာ ဖြည့်ဆည်းနိုင်မည်ဟု ၎င်းက ဆိုသည်။
“ပုဂ္ဂလိကတွေလည်း အများဝန်ဆောင်မှုပါ၀င်တဲ့ သတင်းတွေ လုပ်နေတယ်။ မရှိလို့လုပ်ရပါတယ်လို့ ပြောလို့မရဘူး။ စကားလုံးလှလှလေးပြောနေရုံနဲ့ မရဘူး။ စေတနာက ဘာလဲ၊ နိုင်ငံတကာစံနှုန်းနဲ့ ညီရဲ့ လား၊ ဘယ်သူ့အတွက် လုပ်တာလဲ”ဟု ဦးကျော်မင်းဆွေက ဝေဖန်သည်။
လက်ရှိ၌ အစိုးရပိုင် သတင်း စာများက ကြော်ငြာခနှုန်းထားများ ထက်ဝက်ခန့် လျှော့ချဝန်ဆောင်ခြင်း၊ ပြည်သူပိုင်ပစ္စည်းနှင့် ပြည်သူ့ ၀န်ထမ်းများသုံး၍ ဖြန့်ချိခြင်းဖြင့် ပုဂ္ဂလိက သတင်းစာများကို ဖိနှိပ်ထားခြင်းကို ဥပဒေပြဋ္ဌာန်း အကာအ ကွယ်ယူသည့်အသွင်ကို ဆောင်နေသည်ဟုလည်း ၎င်းက ဆက်လက်သုံးသပ်သည်။
အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီသည် ၂၀၁၃ ခုနှစ်၊ သြဂုတ်လကတည်းက ကန့် ကွက်ထားပြီးဖြစ်သည်။ ဥပဒေပုံစံဖြင့်မဟုတ်ဘဲ လိုအပ်ချက်များကိုသာ စုပေါင်းရေးဆွဲထားခြင်း၊ စီးပွား ရေးအကျိုးအမြတ် ရှာဖွေခွင့်ပြုထားခြင်း၊ ယင်းအရ ပေါ်လာမည့် ကောင်စီသည် သတင်းမီဒီယာကောင်စီ နှင့် အပြိုင်ဖြစ်လာရန်ရှိခြင်း၊ နိုင်ငံဘဏ္ဍာငွေများစွာ ရယူသုံးစွဲမည်ဖြစ်ခြင်း၊ မီဒီယာတို့၏ ကျင့်ဝတ်တာဝန် နှင့် ပြစ်မှု၊ ပြစ်ဒဏ်တို့ တစ်ခုတည်းသာ ရှိသင့်ခြင်း၊ နိုင်ငံတကာ၏ အများပြည်သူဝန်ဆောင်မှု မီဒီယာပုံစံ တွင် သတင်းစာလုပ်ငန်းမပါ၀င်ဘဲ အရုပ်/အသံလွှင့်လုပ်ငန်းသာ ပါ၀င်ခြင်း စသည်တို့ကြောင့် ရေးဆွဲရန် မသင့်ဟု ကန့်ကွက်ထားပြီးဖြစ်သည်။