မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် တစ်ဦး ယမန်နေ့တွင် မော်လမြိုင်မြို့နယ် ဖားအောက်ရွာနှင့် ရိုးဂိုးရွာကြားအဝေးပြေးလမ်း ပေါ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံပြီးပွဲချင်းပြီးသေ ဆုံးခဲ့သည်။
လုပ်ကြံခံရသူ နိူင်မင်းနောင်သည် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုဒေသအောက်ရှိ ကျေး ရွာများမှ (စစ်ပြေးဒုက္ခသည်) ပြည်သူများအတွက် ရိက္ခာဆန်စုဆောင်းဝယ်ယူရန် လုံးပမ်းရင်း မော်လမြိုင်မြို့မှအပြန် ညနေ ၄ နာရီခန့်တွင် နောက်မှ ထပ်ကြပ်မ ကွာလိုက်လာသော သေနတ်သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရာမှ ဆေးစစ်အ တည်ပြုမှု ရယူရန်အတွက် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ သယ်ဆောင်ခဲ့သည်ဟု ၄င်း၏ အသုဘအခမ်းအနားအတွက် လုံးပမ်းနေသော ပါတီဝင်တစ်ဦးက ပြောသည်။
သေဆုံးသူမှာ လက်နက်တိုဖြင့် ပစ်ခတ်ခံရပြီး ကျည်ဆံမှာနောက်ကျောမှ ရင်ဘတ်သို့ ဖောက်ထွင်းခံထားရကြောင်း ထိုင်းနိုင်ငံမှလာသော လက်နက်တစ်မျိုးဖြင့် ပစ်ခတ်ထား ခြင်းဖြစ်ကြောင်း လုပ်ကြံခံရသော နေရာအနီးတဝိုက်မှ ရှာဖွေတွေ့ရှိခဲ့သောကျည်ခွံကို အတည်ပြု၍ ၄င်းကပြောသည်။
“ဒီအမှုအတွက် လက်သည်ကို ကျနော်တို့အတည်မပြုနိုင်သေးဘူး၊ အသုဘချဖို့ ကျ နော်တို့လုံးပမ်းနေတုံးပဲ၊ ဒါပေမယ့် မကြာခင် အဖြေတွေ့မှာပါ” ဟု ၄င်းကဆက် ပြောသည်။
နိူင်မင်းနောင်သည် ၂ဝဝ၈ ခုနှစ် မွန်ပြည်သစ်ပါတီ သတ္တမအကြိမ်မြောက် ညီလာခံမတိုင်မီ ဘုရားသုံးဆူမြို့နယ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း၌ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးဂိုဏ်း တစ်ခုမှ လုပ်ကြံသည်လည်း ဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာမှာ ရိုးဂိုးရွာဝင်လမ်း ထိပ်ရှိ စစ်ဆေးရေးဂိတ်နှင့် ကိုက် ၆ဝဝ ကျော်ခန့်သာကွာခြင်းကြောင့် ယခုလုပ်ကြံမှုတွင် ဒေသခံအာဏာပိုင်များ မျက်ကွယ်ပြုထားခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ၄င်းအပြင် ဆန်ရိက္ခာ ဝယ်ယူရန်အတွက် ငွေကျပ်သိန်း (၁၈ဝ) ကို မော်တော်ဆိုင်ကယ်နှင့် သယ်ဆောင်လာစဉ် လုပ်ကြံခံရသော် လည်း လုပ်ကြံသူများ ၄င်းငွေကို မယူဆောင်သွားခြင်းမှာ နောက်ကြောင်း တစ်ခုခုကြောင့် လုပ်ကြံခြင်းသာဖြစ်ကြောင်း ပါတီဝင်များက သုံးသပ်ကြသည်။
“သူဟာ အလုပ်သိပ်ကြိုးစားတဲ့ လူတစ်ယောက်ပဲ၊ လူငယ်တွေရဲ့ တိုးတက်မှုကို အားပေးတဲ့သူတစ်ယောက်ပဲ၊ နောက်ပြီးတိုင်းရင်းသားအချင်းချင်းစုပေါင်းလုပ်ဆောင်မှု စုပေါင်းအားထုတ်မှုကို သိပ်မြတ်နိုးတဲ့သူတစ်ယောက်ပဲ” ဟု မဲဆောက်မြို့အခြေစိုက် မွန်အဖွဲ့အစည်းတစ်ခုမှ နိုင်ဥက္ကာက ၄င်းရင်းနှီးခဲ့သော နိုင်မင်းနောင်အပေါ်သုံးသပ်ခဲ့သည်။
ဆန်ရိက္ခာဝယ်ယူရန်အတွက် ၄င်းနှင့်အတူပါလာသည့် ငွေကျပ်သိန်း (၁၈ဝ) နှင့် ၄င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို ယခုအချိန်တွင် မွန်ပြည်နယ်မော်လမြိုင်မြို့ ပြည်သူ့ရဲစခန်းမှ ထိန်းသိမ်းထားဆဲဖြစ်ပြီး ၄င်း၏ရုပ်အလောင်းကို ယနေ့ညနေ ၃ နာရီ ကျော်ခန့်၌ မော်လမြိုင်မြို့ သုဿန်၌ မီးသင်ဂြိုဟ်ခဲ့ပြီး ဖြစ်သည်။
နိူင်မင်းနောင်သည် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာဇာတိဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် ရေဆင်း တိမွေး/ကု ကျောင်းသားဘဝမှ မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်ခဲ့သည်။
မွန်ပြည်သစ်ပါတီတွင် စစ်သည်ဘဝ သတင်းထောက်လှမ်းရေးတပ်၌ ဒုအရာခံဗိုလ်အဆင့် ထားဝယ်ခရိုင်မြို့နယ်ကော်မတီဝင်၊ ဗဟိုဝန်းကျင်ဒေသဘုရားသုံးဆူမြို့နယ် အတွင်းရေးမှူး စသည့် ရာထူးတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး မွန်ပြည်သစ်ပါတီ၏ သတ္တမ အကြိမ်ညီလာခံမှစ၍ ခရိုင်ကော်မတီအဆင့်ဖြင့် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုဒေသ အောက်ရှိ ကျေးရွာရွေ့ပြောင်းခံရသော ပြည်သူများအတွက် ဆန်ရိက္ခာစုဆောင်းရန် ကြိုး ပမ်းရင်း လုပ်ကြံခံရခြင်း ဖြစ်သည်။