ကေအင်ယူနှင့် ယာယီအပစ်ရပ် ဟု ဒီကေဘီအေ ပြော

ကေအင်ယူနှင့် ယာယီအပစ်ရပ် ဟု ဒီကေဘီအေ ပြော
by -
ဇော်ကြီး
ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) တပ်စခန်းတစ်ခုကို ထိုးစစ်ဆင်နေမှုကို ယာယီ ရပ်စဲထားသည်ဟု တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)က ပြောသည်။  ကေအင်ယူ လက်အောက်ခံ တပ်ရင်း(၂ဝ၁) အခြေစိုက်ရာ ဝေါလေခီးစခန်းအား သိမ်းပိုက်ရန် ...

ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) တပ်စခန်းတစ်ခုကို ထိုးစစ်ဆင်နေမှုကို ယာယီ ရပ်စဲထားသည်ဟု တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)က ပြောသည်။

ကေအင်ယူ လက်အောက်ခံ တပ်ရင်း(၂ဝ၁) အခြေစိုက်ရာ ဝေါလေခီးစခန်းအား သိမ်းပိုက်ရန် မြန်မာစစ်အစိုးရ နှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်မှုကို နှစ်ဖက်အောက်ခြေတပ်မှူးများညှိနိုင်း၍ ယာယီရပ်ထား သည်ဟု ဒီကေဘီအေ အရာရှိ တစ်ဦးက ယခုလိုပြောသည်။

“အဲတာရပ်လိုက်ပြီ။ ဟို.. ၁၈ ရက်နေ့က သူတို့တစ်ဦးနဲ့တစ်ဦး နုတ်ဂတိအားဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်လိုက်ပြီ။ အထက်ကလုပ်တာမဟုတ်ဖူး ဒီအောက်ကလုပ်ကြတာ သူတို့ တစ်ဦးနဲ့တစ်ဦး နားလည်မှု၊ ခေတ္တခဏ နားလည်မှုဖြစ်ဖို့နဲ့ မပစ်ဖို့အတွက် ဆက်ဆံရေး ယူကြတာပါ။”

ယခုလ ၁၃ ရက်နေ့မှစ၍ တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ပွားနေပြီး အပစ်ရပ်ရန် သဘောတူညီမှု ယူပြီး နောက်ပိုင်း၌ ဒီကေဘီအေ တပ်များ ဝေါလေခီးစခန်းအနီးမှ ဆုတ်ခွာ သွားခဲ့သည်ဟု ၎င်းကယခုလို ဆက်ပြော သည်။

“ဆုတ်တော့ ဆုတ်တယ်။ အကုန်လုံးမဆုတ်ဖူး။ အဲဒီမှာနေသင့်တဲ့ ရဲဘော်တွေ နေပေါ့ မနေသင့်တဲ့ ရဲဘော်တွေတော့ ဒီ မြဝတီအရောက်ပြန်ဆုတ်ရတယ်၊ ကော့ကရိတ်အရောက် ပြန်ဆုတ်ရတယ်။ နေသင့်တဲ့ ရဲဘော်တွေတော့ အဲဒီ တိုက်နေတဲ့နေရာကနေ နှစ်နာရီခွဲ လောက်ထိတော့ အနောက် ဆုတ်ထားတာပေါ့။”

လောလောဆယ် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း လွန်ခဲ့သည့် တပါတ်ခန့်က တိုက်ပွဲများ၌ ဒီကေဘီအေဖက်မှ ထိခိုက်ကျဆုံးမှုများရှိသည့်အတွက် နည်းလမ်းရှာနေခြင်းဖြစ်နိုင်သည် ဟု ကေအဲန်ယူ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ယခုလိုပြောသည်။

“လွန်ခဲ့တဲ့ တပါတ်လောက်က သူတို့ဝင်စမ်းကြည့်တဲ့ အပေါ်မှာ သူတို့ ဒဏ်ရာတွေဘာတွေ ရတာတွေ တော်တော်များသွားတယ်။ နောက်ကျောကနေလည့်ပြီးဖောက်ဖို့အတွက် သူတို့ ထိုင်းဖက်ကနေ ဝင်တာလည်း မအောင်မြင်တဲ့ အပေါ်မှာ ထိုင်းကတောင် သူတို့ကိုဖမ်းမိတယ်။ ထိုင်းဖက်ကလည်း ဗုံးထောင်တော့ ဗုံးနင်းမိတယ်။ နောက် ကရင်ဖက်မှာလည်း သူတို့ ဗုံးနင်းတဲ့အပေါ်မှာနဲ့ အဲဒီ အနေ အထားတွေမှာ သူတို့အတွက် သိပ်တွက်ခြေမကိုက် တဲ့အပေါ်မှာ ကျနော်ထင်တယ် နည်းလမ်း ရှာတုံးပဲထင်တယ်။”

တိုက်ပွဲဖြစ်ပွားစဉ်၌ ဒီကေဘီအေ ဖက်မှ ထိခိုက်ဒဏ်ရာရသူ၊ မြေမြုပ်မိုင်း နင်းမိသူ အချို့ရှိပြီး လက်နက်ကြီး ကျည်အချို့ ထိုင်းနိုင်ငံဖက်သို့ ကျရောက်သည်ကို  ဝန်ခံခဲ့သော်လည်း ထိုင်းနယ်အတွင်း ကျူးကျော်မှုကြောင့် အဖမ်းခံရခြင်းမရှိ်ဟု ဒီကေဘီအေ အရာရှိက ပြောသည်။

ဒီကေဘီအေက ယာယီအပစ်အခတ်ရပ်ထားပြီး ၎င်းတို့တပ်များနောက်ဆုတ်ထားသည်ဟု ဆိုသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဒီကေဘီအေက အင်အားများ ထပ်မံ၍ တိုးလာနေဆဲဟု ကေအဲန်ယူ တပ်ရင်း (၂ဝ၁) ဒု-တပ်ရင်းမှူးဗိုလ်ကြီး စောဘူးဖောက ပြောသည်။

လက်ရှိအခြေအနေနှင့်ပါတ်သက်၍ “မရပ်ထားဘူး၊ မရပ်ထားဘူး၊ တရက်မှမရပ်ထားဘူး။ အခုက သူတို့က ပေါ်တာတွေဖမ်းပြီးတော့ ရိက္ခာတွေသယ်၊ ကျည်ဆံတွေသယ်နဲ့ အခု နေ့တိုင်းလိုလို လုပ် နေတယ်။ မနေ့ကလည်း ကျနော်တို့ကို လက်နက်ကြီးနဲ့ ငါးလုံး၊ ခြောက်လုံးလောက် ပစ်ခဲ့သေးတယ်။ ဒီမနက်သတင်း အရဆိုရင် (ဒီကေဘီအေတပ်ရင်း) ကိုးသုံးလုံးနဲ့ ငါးသုံးလုံး တိုးလာတယ်။” ဟု ဗိုလ်ကြီး စောဘူးဖောက ပြောသည်။

ယခုလ ၅ ရက်နေ့မှ စတင်၍ ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့သည် ကေအဲန်ယူ လက်အောက်ခံ တပ်ရင်း (၂ဝ၁)၊ ရှေ့တန်းစခန်းအား သိမ်းပိုက်ခဲ့ပြီး ဆက်လက်၍ ဝေါလေခီးအခြေစိုက် စခန်းအား ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Most read this week