၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရန်အတွက် မွန်ပြည်နယ်ရှိ လူနေအိမ်များတွင် အိမ်နံပါတ်များကပ်ခြင်းကို မတ်လ ၁၇ ရက်နေ့တွင် အပြီးသတ်မည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန (လ.၀.က) ဒုညွန်မှူးကပြောသည်။
သန်းခေါင်စာရင်းကောက်ယူရန်အတွက် အိမ်နံပါတ်များရိုက်ခြင်းကို မတ်လမှစတင်ပြုလုပ်ပြီး လူနေထိုင်သည့် အဆောက်အအုံများနှင့် ဘုန်းတော်ကြီးကျောင်းကိုပါ နံပါတ်ကပ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သထုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ခရိုင်မှူး ကိုကိုမောင်က ’’ကောက်ကွက်တစ် ကွက်မှဆိုရင် အိမ်ခြေ ၁၀၀ ကနေ ၁၅၀ ကျော်ရှိတယ် ရပ်ကွက်တစ်ခုမှဆိုရင် ကောက်ကွက် ၄ ကွက်ရှိရင်ရှိမယ် ၅ ကွက်ရှိရင်ရှိမယ် ရက်ကွက်ရဲ့ အိမ်ထောင်စုပေါ်မှုတည်ပြီး ကောက်ကွက်လေ ခွဲလိုက်တယ် အဲဒီကောက်ကွက် ထဲမှာ တခါ အိမ်ခြေဘယ်လောက်ရှိလဲ ဒါမှမဟုတ် အဆောက်အအုံဘယ်လောက်ရှိလဲ ဆိုတာကို အမှတ်စဉ်နဲ့ ကပ်ပါတယ်’’ ဟုပြောသည်။
ထိုသို့ အိမ်နံပါတ်များရိုက်ရာတွင် ( A 4) စာရွက်တစ်ရွက်ကို လေးပိုင်းပိုင်းပြီး အိ်မ်နံပါတ်ဂဏန်းများရေးသားကာ အိ်မ်များတွင် လိုက်လံကပ်ထားခြင်းဖြစ်သည်။
ပေါင်မြို့နေ ဒေါ်ကြည်ဝင်းက’’ကျွန်မတို့အိမ်ကို ဒီလိုနံပါတ်ရိုက်တာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သန်းခါင်စာရင်း ကောက်ဖို့ အတွက် လုပ်မယ်လို ကြိုပြောထားတယ်’’ ဟုပြောသည်။
၎င်းအိမ်နံပါတ်များကိုကပ်ရာတွင် လ.၀.က ၀န်ထမ်းတစ်ဦး၊ ရပ်ကွက်နှင့် ကျေးရွာသန်းခေါင်စာရင်းကော်မတီ၊ အထောက်အကူပြုအဖွဲ့၊ လူငယ်အဖွဲ့များက ပါ၀င်လုပ်ဆောင်ခြင်းဖြစ်ပြီး အထောက်အကူအဖွဲ့ကို ရပ်ကွက်က ဖွဲ့စည်းထားဖွဲ့စည်းထားပြီး ရပ်ကွက်နှင့် ကျေးရွာ သန်းခေါင်စာရင်းကောက်မတီကို လ.၀.ကဌာနမှ ဖွဲ့စည်းထား ခြင်းဖြစ်သည်။
ယခုအချိန်အထိ မွန်ပြည်နယ်တွင် သန်းခေါင်စာရင်းနံပါတ်ကပ်ခြင်း ၈၀ ရာခိုင်နှုန်း ပြီးထားသည်ဟု လည်း သိရသည်။