ကယား(ကရင်နီ)ပြည်နယ်ရှိ ကျေးလက်ဒေသ ကျန်းမာရေးဆရာ/မများအား ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းဆင်း လက်မှတ်ချီးမြင့်ပွဲ အခမ်းအနားကို မတ်လ ရ ရက်နေ့၌ လွိုင်ကော်မြို့ နောင်ယား(က)ရှိ YLFC (Youth Life Foamation Center) လူငယ်ရုံးတွင် ကျင်းပခဲ့ကြသည်။
သင်တန်းတွင် အစိုးရ ကျန်းမာရေးဝန်ထမ်းများ၊ ကရင်နီပြည်နယ်ဒေသတွင်း အပစ်အခတ်ရပ်စဲရေးယူထား သည့်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် Civil Health and Development Network ( CHDN ) အဖွဲ့ဝင် ဝန်ထမ်း ၄၀ ဦးကို ကျန်းမာရေးသင်တန်းဆင်းလက်မှတ် ကိုချီးမြင့်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ခူးဒယ်နီယာက “ကျနော်တို့ ဒီသင်တန်းလုပ်ရတဲ့ အကျိုးက တော်တော် လေးထိရောက်မှု ရှိလာလိမ့်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကကျနော်တို့ လက်လှမ်းမီတဲ့ နေရာဒေသတွေ လောက်ပဲကျနော်တို့ တစ်ဖက်ထဲအနေနဲ့ သွားလာနိုင်တယ်။ ဒါပေမယ့် အရင်တုန်းက မလွတ်လပ်ခဲ့ဘူးပေါ့နော်။ အခုကအခြေအနေကကောင်းလာတော့ ဒီက်ိုယ်သွားလိုတဲ့ အရပ်ဒေသတော့ ရောက်နိုင်မယ်” ဟုကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။
သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ် ၅ ရက်နေ့အထိကျင်းပအပြီး သင်တန်းဆင်းပွဲနှင့် Workshop of Health System Orientation for CHDN Staffs ဆွေးနွေးပွဲကို တပါတည်းကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
၎င်းအစီအစဉ်ကို ပြည်နယ်ကျန်းမာရေးဦးစီးဌါန မှ ဦးဆောင်၍ IRC (International Rescue Committee - အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့) နှင့် မိတ်ဖက် လက်တွဲလုပ်ဆောင်လျက်ရှိသော CHDN အဖွဲ့တို့က ပူးပေါင်းပြီး ကျေးလက်နေပြည် သူများအပေါ် ကျန်းမာရေးစောက်ရှောက်မှုများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်သည်ဟုသိရသည်။
လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေသည့်ကာလတွင် အစိုးရကျန်းမာရေးဌာနဆိုင်ရာနှင့် CHDN တို့စတင်ပူး ပေါင်းဆောင်ရွက်လာနိုင်ခြင်းသည် နှစ်ဦးနှစ်ဖက်မှာကုသမှု စနစ်ကကွဲပြားခြားနားမှုတွေ ရှိနေသေးသဖြင့် ၎င်းတို့ခြားနားမှုများကို Sharing ပြုလုပ်နိုင်ခြင်းကြောင့် ထိထိရောက်ရောက် ပိုပြီးလုပ်လာနိုင်မည်ဖြစ် ကြောင်းနှင့် အကျိုးအမြတ်ပိုရှိလာနိုင်မည်ဖြစ်ကြောင်း ကယားပြည်နယ် ပြည်နယ်ကျန်းမာရေးမှူးဒေါက်တာ ထွန်းအောင်ကြည်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
သူက “ရရှိတဲ့ အကျိုးအမြတ်ကကျနော်တို့ ဒီမှာကျန်းမာရေးစောက်ရှောက်မှုက အစကလည်းသူတို့လုပ်သလို သူတို့ အစီအစဉ်နဲ့ ကျန်းမာရေးစောက်ရှောက်မှုတွေ ပေးနေတာပဲ။ ကျနော်တို့ ဖက်ကလည်းပေးနေတာပဲ။ ဒါပေမယ့် နှစ်ဖက်ကပေါင်းစည်းမှု မရှိဘူးပေ့ါနော်။ ပေါင်းစည်းမှု မရှိတော့ Data တွေဆိုလည်း မရဘူးပေ့ါ။ သူတို့ဘက်ကပေးနေတာကိုလည်းကျနော့်တို့ မသိရဘူး၊ ကျနော်တို့ဘက်ကပေးတာလည်းသူတို့မသိဘူး။”ဟု ပြောသည်။
ကယားပြည်နယ်အတွင်း ကျန်းမာရေးစောက်ရှောက်မှု လိုအပ်ချက်များသည် နယ်စပ်တလျှောက်နှင့် ကျေးလက်တောရွာများတွင် အဓိကလိုအပ်နေသေးသဖြင့် ၄င်းလှစ်ဟပ်နေသော နေရာများတွင် စနစ်တကျ ပြန်လည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။