‘ငါစိတ်နာတယ်’ တောက်ခေါက်ပြီး၊ အလွန် အမင်းဒေါသ ပြင်းထန်နေသည်။ ငါ့ရွာမှာ ငါသာနေရင် အခုလောက် ဆို … ငါ့ရွာမှာ ငါ့မိသားစုနေခွင့်ရရင် … င့ါအဘိုးပေးတဲ့ မြေ၊ ယာအမွေတွေကို ငါအရင်းအနှီးပြုပြီး ငါ ကောင်းစားလောက်ပြီ။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ဖြစ်ပေမယ့် ငါလက်မခံဘူး၊ တခါတခါ၊ လူ့ဘဝ တဆစ်ချိုး နေပြီဖြစ်တဲ့ ငါ့ဘဝ ဒီနေ့ ထက်ထိ ရွာမရောက်နို်င်သေးတဲ့ဘဝ’ ။ ‘အဖေ၊ အဖေ့သားတွေ ရှိနေပြီလေ၊ ဘယ်မှာ လည်း အဖေ့ကို သတ်ချင်တဲ့လူ၊ ငါသူ့ကို အရင်သတ်ပြမယ်’။
(၁) ကျနော့် ဆွေမျိုးတဦးမှ ဗမာပြည်မတွင် ကျူးလွန်ခဲ့သော ပြစ်မှုှနှင့် ဆက်စပ်ပြီး နောက်ဆက်တွဲ ပြဿနာပေါ် ပေါက်ခဲ့ သည်။ ကျူးလွန်ခဲ့သည့်ပြစ်မှုသည် လူသတ်မှုဖြစ် သည်။ နိုင်ငံတော်၏ တရားစီရင်ရေး ဥပဒေဖြင့် ထိုပြစ်မှု ကျူးလွန်သူကို ၄င်းနှင့် ထိုက်တန်အောင် ပြစ်ဒဏ်ချခဲ့ပြီးဖြစ်သည်။ သို့သော် ချင်းထုံးစံ အတိုင်း (ကလဲ့စားချေ) လုပ်ဆောင်ရန် ကျန် နေခဲ့သေးသည်။ သေဆုံးသူနှင့် ထိုက်တန်သူကို ပြန်လည် ကလဲ့စားချေ သတ်ဖြတ်ရသည်။
(၂) တနေ့ အဖေနှင့်အမေ အကြင်လင်မယားဖြစ်ခါစက မင်းတပ်မြို့လယ်တွင် ရုပ်ရှင်ကြည့်ပြီး အပြန် အိမ်အနီး ပါတ်ဝန်း ကျင်တွင် ညီးညူနေသည့်ခွေးသံများ ကြားနေရ သည်။ အချိန်အခါမဟုတ်လူတဦး လေးမြှား လက်နက်ဖြင့် ကင်းပုန်း ၀ပ်နေသည်။ အိမ်မွေးခွေးမှ အပြေးအလွားလာပြီး နမ်းရှိုက်ကာ ခေါက်တုန့် ခေါက်ပြန် ပြေးနေသည်။ အနီးအနားပါတ် ၀န်းကျင်ရှိ ခွေးများ လည်း ဟောင်နေကြသည်။ အမေသည် ပါးနပ်စွာ အဖေ့ကို ချက်ချင်းသိုင်းဖက်ပြီး အိမ်တံခါးဆီ သို့ချဉ်းကပ်သွားသည်။ အိမ်သော့ကို တံခါး အထက် တန်းတွင် အမြဲထား လေ့ရှိသောကြောင့် တုန်တုန် ယင်ယင်ဖြင့် သော့ကို လှမ်းစမ်းကြည့်သည်။ သော့သည် အစွန်းတွင် ထားသောကြောင့် အောက်သို့ကျ လာသည်။ အမေသည် ထို သော့ကို ဆင်းကောက်ရန် ကြံစည်တော့သည်။ ပါတ်ဝန်းကျင်တခုလုံးကလည်း မှောင်မိုက်နေသည်။ အဖေ တယောက် တည်း အိမ်ဝရံတာတွင် ရပ်နေလျင် မြှားဖြင့်အပစ်ခံမည်မှာ သေချာနေသည်။ အဖေက သော့ကို ဆင်းကောင်လျင်လည်း အတက်အဆင်းလုပ်နေစဉ် အပစ်ခံရနိုင်သည်။ အမေတယောက်ထဲ ဆင်းကောက်ရန် မဖြစ်နိုင်၊ နှစ်ဦးစလုံးဖက်ပြီး ဆင်း ကောက်ရသည်။ သော့ပြန်ကောက်ပြီး အတက်တွင်လည်း အမေက အဖေ့ကို အနောက်မှနေ၍ သိုင်းဖက်ထားသည်။ အဖေက တခါးသော့ကို ဖွင့်နေစဉ်အမေက နောက်ကျောမှ ဖက် ထားသည်။ ဤအဖြစ်အပျက်သည် အကြင်လင်မ ယား နှစ်ဦး အကြင်နာပွား နေကြခြင်း မဟုတ်ဘဲ ချစ်သူ မောင်၏ အသက်ကို ဇနီးဖြစ်သူမှ အကာ အကွယ်ပေးနေ ခြင်းဖြစ်သည်။ ချိုးထုံးစံတွင် မိန်းမသားကို မည်သည့်ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်ရိုး ထုံးစံမရှိ သော ကြောင့် ပင်တည်း။
(၃) သားသမီး (၃)ယောက်ထွန်းကားပြီး အခြေအနေသည် ဆက်လက်ဆိုးနေသောကြောင့် မင်းတပ်မြို့ပေါ်တွင် မနေချင်တော့ သဖြင့် နယ်စွန်သို့ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရတော့သည်။ (၃) လတခေါက် မင်းတပ်မြို့ကို ပြန်ပြီး မိသားစုကို သွားရောက်တွေ့ဆုံသည်၊ နိုင်ငံ့ဝန်ထမ်းတဦး စစ်ပြေးဘဝဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင် နေသည့် ဖြစ်ရပ်သည် ရင်နစ်ဖွယ်ဖြစ်ရသည်။ အဖေသည် အားကစားသမားတဦးဖြစ်သည့်အားလျော်စွာ နံနက် တိုင်း လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကို ပုံမှန်ပြုလုပ်သည်။ ထိုစဉ် ရန်သူဖက်မှ အဖေ၏ အခြေ အနေအရပ်ရပ် အသေအချာလေ့လာပြီး စစ်ဆင်ရေးတဆင့် လုပ်ဆောင်လာတော့သည်။ ချိုးထုံးစံတွင် လူတဦး တယောက်ကို ကလဲ့စားချေချင်၍ သော်လည်း ကောင်း၊ သတ်ဖြတ်ချင်၍သောလည်းကောင်း နတ်ဆရာများကို ချဉ်းကပ် နတ်တင်ကာ နတ်ဆရာ ညွန်ကြားချက်အတိုင်း လုပ်ဆောင်မှ အောင်မြင်သည်ဟု အယူ အဆရှိသည်။ ထို့ကြောင့် နာမည်ကြီး နတ်ဆရာကို ပင့်ပြီး အဖေ့အကြောင်းအရာ အသေးစိတ်ကို ပြောပြ ကာ ဆိတ်၊ ၀က်၊ နွားနောက် စသည့်သားကောင်များဖြင့် နတ်တင်သည်။ နတ်တင်ပြီး အောင်မြင်သည်ဟု အတပ် ပြောနိုင်မှ စစ်ဆင်ရေးစတင်ရသည်။
(၄) ဆောင်းရာသီနံနက်ခင်းတခုတွင် အဖေသည် လုပ်နေကျလေ့ကျင့်ခန့်ပြုလုပ်ပြီး ချစ်ဇနီးနှင့် မိသားစုရှိရာ မင်းတပ်မြို့သို့ ထွက်ခွါလေသည်။ အပေ့ါအပါးအသေအချာစွန့်ပြီး ခရီးစထွက်သည်။ ရွာမှ ထွက်၍ ၂ မိုင်ခန့်အကွာ လမ်းခုလပ်တခုတွင် အဖေသည် ရုတ်တရက်ခြေမလှမ်းနိုင်လောက်အောင်ပင် ဗိုက်အောင့်ပြီး အလေး (ကျင်ကြီး)စွန့်ချင်လာသည်။ တောလမ်း ခရီးဖြစ်သည့်အားလျော်စွာ လမ်းအောက်ဖက်သို့ မစင်စွန့်ရန် ၁၅ ပေခန့် ဆင်းသွားသည်။ မစင်စွန့်နေစဉ် အဖေ့ ကို ချောင်းမြောင်းပစ်ခတ်မည့် ရန်သူသည် လာ လမ်းဖက်ကို တချက်တချက်လှည့်ကြည့်ပြီး အာရုံစိုက်နေသည်။ အဖေက ဒီနေရာမှာ ဘယ်သူများ ငုတ်တိုတွင် ထိုင်ပြီး ဘာလုပ်နေသည်ကို အကဲခတ်ပြီး တည်ငြိမ်စွာကြည့်နေသည်။ အဖေသည် မျက်ကွယ်အတွက် သစ်ရွက်ကို ညင်သာစွာဆွဲပြီး မိမိမျက်နှာကို ဖုံးအုပ်ကာ ထိုလူကြီးကို ကြည့်လေသည်။ အသေအချာ ကြည့်လိုက်ရာ အဖေ့ကို သတ်ချင်သည့်အဖွဲ့တွင် စိတ်အားအထက်သန်ဆုံးသော လူကြီးဖြစ်မှန်း သိသွား လေသည်။ သူ့ဘေးတွင်လည်း တူမီးသေနတ်ကို ထောင်ထားသည်။ အဖေသည် လုံးဝမလှုပ်တော့ဘဲ ထိုလူကြီး မျက်နှာလွှဲသည့်အထိ ကြည့်ကာ မျက်နှာလွဲသည်နှင့် တပြိုင်နက် အောက်ဖက်သို့ ၀ပ်တွားပြီး ဆင်းသွားသည်။ အဖေသည် ရွာထဲသို့မဝင်တော့ဘဲ တောင်ယာတဲတခုသို့သွားကာ ယာခင်းပိုင်ရှင်ကို ရွာသို့ တိတ်တဆိတ် စေလွတ်ပြီး ရွာတွင် သူစိမ်းရှိမရှိ စုံစမ်းစေသည်။ မင်းတပ်မြို့မှပြန်လာကြသော ရွာသားများ၏ ပြောပြချက်အရ လူကြီး (၅)ဦး သေနတ် ကိုယ်စီဖြင့် မင်းတပ်ဖက်ကို တက်သွားကြကြောင်း သိလိုက်ရသည်။
(၅) အခြေအနေသည် ဆက်လက်တင်းမာနေသောကြောင့် မင်းတပ်မြို့နယ်တွင် တာဝန်ဆက်လက်ထမ်းဆောင်ရန် မသင့် တော်သည့်အတွက် ဟားခါးမြို့ သို့ ပြောင်းရွွှေ့တာဝန်ထမ်းဆောင်ခဲ့ရတော့သည်။ ထိုမှ တဆင့် မတူပီ၊ ပလက်ဝမြို့ နယ်များသို့ ထမ်းဆောင်ခဲ့သည်။ နောက်ဆုံးအဖေသည် ပလက်ဝမြို့နယ်တွင် တာဝန်ထမ်း ဆောင်ရင်း ကွယ်လွန်ခဲ့သည်။ အဖေကွယ်လွန်သည်နှင့် တပြိုင်နက် မေးခွန်းများ အပြိုင်ဖြစ်လာသည်။ ဒီနေရာ မှာပဲ နေပြီး သားသမီးတွေကို လူလားမြောက်အောင် ပြုစုမယ်ဆိုသည့် အမေ့စကား၊ ကိုယ့်ရွာကိုယ့်ဒေသ ရှိရဲ့သားနဲ့ သူများနေရာမှာပဲ အခြေချမ လားဆိုသည့် မေးခွန်းများ ဖြစ်လာသည်။ သားသမီးများအနေဖြင့်လည်း အဖေ့ရွာကို ပြန်ချင်သွားချင်သော်လည်း အမှန်တကယ် သံယောဇဉ်မရှိဖြစ်တော့သည်။ အမျိုးအဆွေများ ရှိမှန်းသိလင့် ကစား ပြန်လည် ဆက်သွယ်ချင်စိတ် မရှိတော့ ဖြစ်တော့သည်။ ဘယ်နေရာမှာပဲ နေပါလေ့စေ ကိုယ် နေထိုင်ရာဒေသက ကိုယ့်ရွာပဲ ဟု ခံယူလာခဲ့သည်။
သို့သော်………….. သို့ သော် ………….. သို့သော် ………………
ကျနော် တက္ကသိုလ်ပထမနှစ်ဖြေနေစဉ် ကျနော့်တဝမး်ကွဲ အစ်ကိုသည် လူတဦးနှင့် ရန်ဖြစ်ရာမှ ထိုလူ၏ လက် ချက်ကြောင့် အသက်ဆုံးရှံုးခဲ့သည်။ ကျနော့် ဘကြီးများ အနေဖြင့် ၄င်းကိစ္စကို ကလဲ့စားချေဖြေရှင်းရန် ကမ်း လှမ်း လာကြသည်။ ကျနော့်အနေဖြင့် အဖြေပေးရန် အလွန်ခက်ခဲလာခဲ့သည်။ အဖေ့ခံစားရသော စိုးရိမ် ကြောင့် ကြသည့်စိတ်၊ အမေခံစားခဲ့ သည့် သောကဝေဒနာ မခံစားစေလိုပါ။ ကျီးလန့်စာစားသည့် ဘဝကို မည် သူတဦးတယောက်ကိုမျှ လက် ဆင့်မကမ်းလိုပါ။ ပြစ်မှုကျူးလွန်သူ ကာယကံရှင်ကိုသာ နိုင်ငံတော်၏ တရား စီရင်ရေးဥပဒေအညီ ဖြေရှင်းစေ လိုသည်။ သားသမီးများ၏ အနာဂါတ်ကို မိဘတို့၏ လက်ထဲတွင် အပြည့် အဝရှိစေချင်သည်။ ဆင်းရဲချမ်းသာ မိသားစုတခု အတူတကွနေစေလိုသည်။
(၆) ကလဲ့စားချေစနစ်ကို ခေတ်ပညာတတ်လူငယ်များက မနှစ်ခြိုက်ပါ။ မုန်းတီးနေကြသည်။ ရွံရှာနေကြသည်။ သို့သော် ထိုလူငယ်များကို သက်ကြီးရွယ်အိုများ၊ အမယ်အိုများက အစ ‘မင်းအဘိုးသတ်တဲ့လူကိုတောင် မင်းမသတ်ရဲဘူးလား၊ မင်းယောကျင်္ားဖြစ်ပြီး ဒါတွေတောင်မလုပ်ရဲဘူးလား၊ ငါ့ရဲ့ထမီကို ၀တ်ပါလား’ စသည်ဖြင့် ယောကျ်ားသားများ၏ မခံချင် သော စကားလုံးများဖြင့် ဆဲဆိုတိုက်တွန်းလာသောအခါ မခံနိုင်သည့်အဆုံး လုပ်ဆောင်ခြင်းဖြစ်သည်။ အရပ်တွင် လည်း ‘ကလဲ့စားမချေရဲသည့်မိသားစု၊ ဆွေမျိုး’ စသည်ဖြင့် ပါတ်ဝန်းကျင်၏ အထင်သေးအမြင်သေးခြင်းကို ခံရသည်။ ထို ကလဲ့စားချေမည့် ကိစ္စသည် ယခု လောလော လတ်လတ်ဖြစ်ပွါးသည့် အရာဆိုလျှင် လုပ်ချင်စရာ ကောင်းနိုင်ပါသည်။ အဘိုးခေတ်က နှုတ်ရာဇဝင်အရ သိရသည့် အမှုအခင်းတခုကို ခေတ်လူငယ်က ပုခုံးပေးတာဝန်အဖြစ် ထမ်းဆောင်ရန်မှာ အလွန်ပင်ခက်ခဲသည့် အရာဖြစ်သည်။
(၇) ချင်းအမျိုးသားများ၏ဆုံးရှံုးခဲ့သည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပြန်လည် ရရှိရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ရန် ချင်းအမျိုးသား တပ်မတော်သို့ ၀င်ရောက် စစ်မှုထမ်းခဲ့သည်။ စစ်မှုထမ်းဆောင်စဉ် ကာလတ လျှောက်လုံး အဖေ့ရွာကို လုပ်ငန်းတာဝန်တခု ခုဖြင့် သွားရောက်ချင်ခဲ့သည် (ကလဲ့စားချေရန်မဟုတ်ပါ)။ သို့သော် သွားခွင့်မရပါ။ ၂၀၁၂ ခုနှစ် အပစ်အခတ်ရေး စာချုပ်ချုပ်ဆိုပြီး သွားရောက်ရန် စိုင်းပြင်းခဲ့သော်လည်း မရောက်နိုင်ခဲ့ပါ။
အမေ၏ ပြောပြချက်အရ ထိုသို့ ရန်သူကြောက်ရွ့ံပြီး ပြေးလွှားနေသည့်အချိန်များတွင် အဖေ အမြဲပြောပြခဲ့သည့် စကားသည် ‘အခုအချိန်မှာ ငါ့သားတွေက ငါ့ပတ်လည်မှာ ၀ိုင်းနေရင် ငါ့အသက် သိပ်လုံခြံုမှာပဲ’ ဟု မကြာ မကြာ ပြောပြခဲ့သည်ဟုဆိုသည်။ ယနေ့ ကျနော့်မှာ ညီအစ်ကိုအရင်း (၆)ဦးရှိနေပြီ၊ ယခင်အဖေ ပြေးလွွှား ပုန်းကွယ် နေခဲ့သည့်ဘဝ၊ အားကိုးစရာ (လူ) မရှိသည့်ဘဝတွေကို ပြန်လည်စဉ်းစားတိုင်း အရိုးနာသည်။ ‘အဖေ၊ အဖေ့ သားတွေ ရှိနေပြီလေ၊ ဘယ်မှာလည်း အဖေ့ကို သတ်ချင်တဲ့လူ၊ ငါသူ့ကို အရင်သတ်ပြမယ်’ စသည်ဖြင့် တခါတခါ ပါးစပ်က လွတ်ကနဲ ထွက်သွားမိတယ်။
ဘီစီ (၁၇၈၀)၀န်းကျင်ခန့်က ဟမ္မူရာဘီကိုဓဥပဒေ အရ သွားတချောင်းအတွက် သွားတချောင်း၊ မျက်စိ တလုံးအတွက် မျက်စိတလုံးသည် ထိုစဉ် က အလွန်အသုံး တည့်ခဲ့သည်။ သို့သော် ဘေဘီလုံးနီးယား တိုင်းပြည် တွင် ထိုကိုဓဥပဒေသည် ယနေ့တွင် မကျင့်သုံးတော့ပြီဖြစ်သည်။ ထိုဥပဒေထက် ကောင်းမွန်သည့် ဥပဒေများ က အစားထိုးနေပြီဖြစ်သည်။ ဘာသာရေးသည် ယဉ်ကျေးမှုများကို တခေတ်ဆန်းသစ်စေ သည့်အယူအဆ သည်လည်းအမှန်တကယ် ထိရောက်မှုရှိရန် လိုအပ်ပေမည်။ ချိုးဒေသ၏ မူရင်းဘာသာ တရားသည် နတ် ဘာသာ၊ ထိုမှတဆင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာအ အထိ အဆင့်ဆင့် ကူးပြောင်းလာခဲ့သည်။ ဘာသာ တရားတိုိင်း တွင် ကောင်းခြင်းများကို သွန်သင်လင့်ကစား မကောင်းသည့် ကလဲ့စားစနစ်ကို အမှန်တကယ် မဖျောက်နိုင်ပေ၊ ချိုးလူမျိုးများအတွက် မကိုးကွယ်သေးသည့် ဘာသာ တရားသည် အီစလမ် ဘာသာ တခုသာ ရှိတော့သည်။ မိမိအနေဖြင့် ထိုဘာသာကို ကိုးကွယ်ခဲ့သော်လည်း ကလဲ့စားချေစနစ် ပျောက်ဆုံးနိုင် မည် မဟုတ်ဟု ယုံကြည် သည်။
စနစ်ဆိုးတခုကို ဖျောက်ဖျက်ရမည့်အရာတခုမှာ လူထုအခြေပြုအဖွဲ့အစည်းများမှ ပြည်သူလူထုကို ပညာပေး ရန်အလွန် လိုအပ်သည်။ မိသားစု၏ တိုက်တွန်းခြင်းကြောင့်၊ ပါတ်ဝန်းကျင်၏ ဖိအားပေးမှုကြောင့် မလုပ် ချင်သည့်အဆုံး ထလုပ်ရ သည်။ တဦးတယောက်တည်းကို ပညာပေး၍ မရ၊ မိသားစု တခုတည်းကို ပညာ ပေး၍မရ၊ ပါတ်ဝန် ကျင် တခု လုံးကို ပညာပေးရေးသည် အဓိကကျသည်။ ၄င်းအတွက် တရားဥပဒေစိုးမိုး ရေးလည်းအမှန်တကယ်လိုအပ်သည်။ ပြည်သူလူ ထုမှ ၄င်းစနစ်ဆိုးကြီးအား တိုက်လှန်ဖို့ အချိန်ကျ ရောက် ပြီဖြစ်သည်။ ကျနော်ရွာပြန်ဦးမယ်။