မြိတ်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တိုင်းဝန်ကြီးချုပ်ဆက်လုပ်မည်

မြိတ်ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တိုင်းဝန်ကြီးချုပ်ဆက်လုပ်မည်
by -
မဇ္ဈိမ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် လော့လော့ကျေးရွာတွင် တည်ဆောက်မည့် မဂ္ဂါ၀ပ် ၅၀ ထုတ်လုပ်မည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရပ်ဆိုင်းရန် ဒေသခံများ ကန့်ကွက်နေသော်လည်း တိုင်းဝန်ကြီးချုပ်က ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း တနင်္သာရီတိုင်းမှ ၈၈ မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)အဖွဲ့မှ ကိုတင်ကိုကိုဦးက မဇ္ဈိမကို ပြောသည်။

စက်ရုံတည်ဆောက်မှုကို ရပ်ဆိုင်းပေးရန် မတ်လ ၃ ရက်က တနင်္သာရီတိုင်း ၈၈ မျိုးဆက် (ငြိမ်းချမ်ရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့နှင့် တနင်္သာရီတိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအ တိုင်းပြောကြားခဲ့သည်ဟု ဆိုသည်။

ဒေသခံ ကိုဥက္ကာက “ကျောက်မီးသွေးစက်ရုံက လက်ရှိမှာ ပွင့်လင်းမြင်သာမှုမရှိဘူး။ ပြည်သူကို ချပြတာ တွေလည်း မရှိဘူး။ ဒေသခံတွေဘက်ကတော့ ဆက်လက် ကန့်ကွက်သွားဖို့ရှိတယ်”ဟု မဇ္ဈိမကို ပြော သည်။

အဆိုပါစက်ရုံသည် မဂ္ဂါ၀ပ် ၅၀ ထုတ်နိုင်မည့် ဓာတ်အားပေးစက်ရုံဖြစ်ပြီး ယခင်က သန်းဖြိုးသူကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့သော်လည်း လက်ရှိတွင် ပြည်ထောင်စုအစိုးရနှင့် မြိတ်အများပိုင်ကော်ပိုရေး ရှင်းတို့က ပူးပေါင်းတည်ဆောက်နေသည်ဟု ကိုတင်ကိုကိုဦးက ဆိုသည်။

“EIA SIA Report ကို အရင်ကြည့်ပြီးမှ ဘယ်ဟာက ဖြစ်သင့်တယ်၊ ဘယ်ဟာကတော့ မဖြစ်သင့်ဘူးဆို ပြီး သုံးသပ်လို့ရမှာ။ အခုလိုမျိုး ဘာပဲဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ ပုံစံမျိုးကတော့ ပြည်သူတွေကို အလေးမ ထားတဲ့ပုံစံမျိုး ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ယခုတည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်မီးရရှိရေးထက် လူထု၏ကျန်းမာရေး၊ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်ဟု ၎င်း က ပြောသည်။

အဆိုပါကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန်အတွက် တနင်္သာရီတိုင်းအစိုးရ၊ လျှပ်စစ်နှင့်စက်မှုလက် မှုဝန်ကြီးဌာနနှင့် သန်းဖြိုးသူကုမ္ပဏီတို့က ၂၀၁၂ ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းစီမံကိန်းကို ဖျက်သိမ်းပေးရန်နှင့် ကျောက်မီးသွေးအစား သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံအဖြစ် ပြောင်းလဲပေးရန် အဆိုပါစက်ရုံတည်ရှိရာ ပတ်ဝန်းကျင်ကျေးရွာများရှိ ကျောက်ဖျာ၊ လော့လော့၊ သမုတ်နှင့် ကျွဲကူးကျေးရွာများမှ ဒေသခံ ၁,၆၇၇ ဦးတို့ စုပေါင်းလက်မှတ်ရေးထိုးပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလဆန်းတွင် သမ္မတထံ အသနားခံစာတင်ပြခဲ့သော်လည်း ယနေ့အထိ ထူးခြားမှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။

Most read this week