တိုင်းရင်းမီဒီယာကွန်ရက် ဖွဲ့စည်းနိုင်ရန် လုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်း

တိုင်းရင်းမီဒီယာကွန်ရက် ဖွဲ့စည်းနိုင်ရန် လုပ်ငန်းအဖွဲ့ စတင်ဖွဲ့စည်း
by -
မဇ္ဈိမ

တိုင်းရင်းသားမီဒီယာ အားလုံးပူးပေါင်းပါဝင်နိုင်ရန် မျှော်မှန်းထားသည့် တိုင်းရင်းမီဒီယာ ကွန်ရက် ဖွဲ့စည်းနိုင်ရန် လုပ်ငန်းအဖွဲ့ကို တောင်ကြီး၊ တိုင်းရင်းမီဒီယာညီလာခံ နောက်ဆုံးနေ့ မတ်လ ၆ ရက်တွင် စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသားမီဒီယာများ၏ သဘောတူ ဆုံးဖြတ်ချက်အရကူညီဆောင်ရွက် ပေး မည့်သူ ၅ ဦးကို ရွေးချယ်၍ ကွန်ရက်ဖွဲ့စည်းရန် လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

လုပ်ငန်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရခိုင့်အသံသတင်းဂျာနယ်မှ မမြတ်နိုးသာက “တိုင်းရင်းသား မီဒီယာတွေရဲ့ အားနည်းချက်၊ အားသာချက်တွေ ဖွံ့ဖြိုးမှုအားကောင်းလာဖို့ ကူညီဆောင်ရွက် ပေးဖို့ ပါဝင်ရတာပါ” ဟု မဇ္ဈိမကို ပြောသည်။

တိုင်းရင်းမီဒီယာကွန်ရက်၊ လုပ်ငန်းအဖွဲ့တွင် ချင်းပြည်နယ်အခြေစိုက် The Chinland Post, မွန်ပြည်နယ်အခြေ စိုက် သံလွင်တိုင်း၊ ရခိုင်ပြည်နယ်အခြေစိုက် ရခိုင့်အသံ၊ တနင်္သာရီတိုင်း အခြေစိုက် Dawei Watch, ရှမ်းပြည်တောင်ပိုင်းအခြေစိုက် People's Voice တို့မှ ပါဝင်ကြသည်။

People's Voice မှ ခွန်သန်းအောင်က “တိုင်းရင်းသာမီဒီယာကွန်ရက်ရဲ့ ဖွဲ့စည်းပုံရေးဆွဲတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပြီးတော့ နောက် တစ်နှစ် ဟားခါးညီလာခံမှာ ထပ်မံပါဝင်သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် လုပ်ငန်းအဖွဲ့အနေနှင့် တတိယအကြိမ် ဟားခါးတွင်ပြုလုပ်မည့် ညီလာခံအမီကွန်ရက်ဖွဲ့ စည်းပုံ အကြမ်း ပြီးစီးနိုင်ရန် အစည်းအဝေးများပြုလုပ်သွားကြမည်ဖြစ်ပြီး တစ်နှစ်အချိန်ရ မည်ဖြစ်သည်။

သုံးရက်တာဆွေးနွေးခဲ့ကြသည့် ညီလာခံဆွေးနွေးပွဲများတွင် တိုင်းရင်းမီဒီယာကွန်ရက်ဟူသည့် နာမည်အရ တိုင်းရင်းသား ဘာသာစကားနှင့် ထုတ်ဝေသည့် သတင်းစာ၊ ဂျာနယ်များသာ အဖွဲ့ဝင်ခွင့်ရှိ/မရှိဟူသည့် ကိစ္စရပ်များ၊ တိုင်းရင်းသားမဟုတ်သည့် သတင်းဌာနများ ပါဝင်ခွင့်ရှိ/မရှိ ဟူသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် ဆုံးဖြတ်ချက်များ မချနိုင်ခဲ့ပေ။

တိုင်းရင်းမီဒီယာကွန်ရက်ဖွဲ့စည်းရာတွင် နိုင်ငံတကာ မြန်မာသတင်း(BNI) အနေနှင့် ကူညီပေးသွားမည်ဖြစ်သော် လည်း အဖွဲ့ဝင်များပါဝင်ခြင်းတွင် ကန့်သတ်ထားမှု မရှိပေ။