ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုရရှိရေးအတွက် သတင်းမီဒီယာသမားများကို စောင့်ကြည့် လေ့လာ သတင်းရယူခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစညး်လုံးညီညွတ်ရေး အထောက်အကူပြုနိုင်သည့် မီဒီယာများ လိုအပ်လျှက် ရှိကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ထုတ်ဖော်ပြောကြားလိုက်သည်။
မတ် ၄ ရက်နေ့ နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းခန်းမတွင် ပြုလုပ်ကျင်းပလျက် ရှိသည့် ဒုတိယအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံ အဖွင့် မိန့်ခွန်းတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
“တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်များပြားလာစေရန် လိုအပ်သလို ၊တိုင်းပြည် နှင့် လူမျိုးအား အလုပ် အကျွေး ပြုသည့် မီဒီယာသမားများ ပေါ်ထွက်ရန်နှင့် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်သည့် မီဒီယာသမားများ ဖြစ်ပေါ်လာရန်အတွက်လည်း အားလုံးတွင် တာဝန်ရှိကြောင်း” ၀န်ကြီးက ဆိုသည်။
ထို့အပြင်ငြိမ်းချမ်းရေး တည်ဆောက်ရာ တွင် လူပုဂ္ဂိုလ် တစ်ဦးထည်း၊ အဖွဲ့အစည်း တစ်ခုတည်းဖင့် တည်ဆောက်၍ မရနိုင်သည့်အတွက် အားလုံးပူးပေါင်း ပါ၀င်ဆောင်ရွက်မှ သာလျှင် အောင်မြင်မှု ရရှိနိုင်မည် ဖြစ်သည်ဟု ဆိုသည်။
“နိုင်ငံတော် အစိုးရ အနေနဲ့ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးနေရာ ၁၇ ဖွဲ့ရှိပြီး ရှမ်းပြည်နယ်တွင်း အပစ်အခတ်ရပ်ဆဲရေး ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့ပေါင်းရှစ် ဖွဲ့ရှိပြီ ဖြစ်တယ်”ဟု ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွင်း မီဒီယာများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံတကာ မြန်မာ့သတင်း (Burma News International) ၏ ဒေသတွင်း တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင် ရွက်မှုများကိုလည်း အသိမှတ်ပြုသည်ဟု ဆက်ပြောသည်။
တောင်ကြီးတွင် မတ် ၄ ရက်မှ ၆ ရက်ထိ ကျင်းပပြုလုပ်နေသည့် ဒုတိယအကြိမ်တိုင်းရင်းသား မီဒီယာညီလာခံ ဖွင့်ပွဲသို့ ပြန်ကြားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးပိုက်ထွေး ၊ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ နိုင်ငံတကာ မြန်မာ့သတင်း (Burma News International) အဖွဲ့ဝင် တိုင်းရင်းသား မီဒီယာအဖွဲ့ ၄၀ ကျော် ၊ မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနမှ တာဝန်ရှိသူများ၊ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းနှင့် ပြည်တွင်း၊ ပြည်ပသတင်းဌာနများမှ လူဦးရေ ၂၀၀ ကျော် တက်ရောက်ဆွေးနွေးလျှက်ရှိသည်။