၂၀၁၃ ခုနှစ်နို၀င်ဘာလအတွင်း ချင်းပြည်နယ်ဟားခါးမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် ချင်းအမျိုးသား ညီလာခံ (CNC) ရလဒ် ဆက်လက်အကောင် အထည်ဖော်ရေး အတွက် ညီလာခံနောက်ဆက်တွဲ ကော်မီတီ အစည်းအဝေးကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ဖေဖေါ်ဝါရီ (၂၆-၂၈) ရက်အကြား ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
” (၄၅) ဦးကော်မီတီရဲ့အမည်ကို ဒုတိယအကြိမ် ချင်းအမျိုးသားညီလာခံ ဘုံသဘောတူညီချက်များ အကောင်အ ထည်ဖော်ရေးညှိနှိုင်းကော်မီတီ လို့ ခေါ်ဆိုဖို့ အခြား လုပ်ငန်းစဉ်နှင့် အစည်းအဝေးကျင်းပမည့် ပုံစံချမှတ်ခြင်း တွေကို လည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ် ” ဟု ကော်မီတီဝင်ဖြစ်သူ ချင်းအမျိုးသားတပ်ဦး၏ လက်ထောက် အထွေထွေအတွင်းရေးမှူး (၁) ပူးပေါလ်ဆီထာက ပြောသည်။
ပူးပေါင်းညှိနှိုင်းကော်မီတီ၏ ညှိနှိုင်းဆက်သွယ်ရေးမှူးအဖြစ် ဆလိုင်းအိုက်ဇက်ခင်နှင့် ဆလိုင်းကျုံးလျန်ထောင်း တို့ကို တာဝန် ပေး အပ်ခဲ့ကြပြီး ဆလိုင်း အိုက်ဇက်ခင်မှ ပထမ (၁) နှစ်အတွက် တာဝန်ခံ ကိုအော်ဒီနေတာ တာဝန်ကို ထမ်း ဆောင် သွားမည်ဖြစ်သည်။
ဒုတိယအကြိမ်ချင်းအမျိုးသားညီလာခံမှ သဘောတူဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ကော်မတီတစ်ရပ်ကို (၁) ဒေသအခြေပြုကိုယ်စားလှယ်များ – ၁၃ ဦး၊(၂) အမျိုးသမီးကိုယ်စားလှယ် – ၁ ဦး၊(၃) လူငယ်ကိုယ်စားလှယ် – ၁ ဦး၊(၄) ချင်းနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် – ၉ ၊(၅) ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်- ၃ ဦး၊(၆) ညီလာခံ Resource Persons များ – ၁၁ ဦး၊(၇) ညီလာခံဖြစ်မြောက်ရေးပူးပေါင်း ကော်မတီမှ ကိုယ်စားလှယ် – ၅ ဦး၊(၈) တတ်သိပညာရှင်များ – ၂ ဦး စုစုပေါင်း ၄၅ ဦးဖြင့်ဖွဲ့စည်းခဲ့ကြသည်။
ချင်းအမျိုးသားညီလာခံ နောက်ဆက်တွဲကော်မီတီကို (၄၅) ဦးအနက် အစည်း အဝေးသို့ ကော်မီတီဝင် ၂၅ ဦးခန့် တက် ရောက် နိုင်ခဲ့ကြ ပြီး ကော်မီတီ ကို မောင်းနှင်မည့် ပူးပေါင်းညှိနှိုင်းကော်မီတီဖွဲ့စည်းခြင်း၊ ဦးဆောင် ကော်မီတီဝင် များရွေးချယ်ခြင်း၊ အလုပ်ကော်မီတီများဖွဲ့စည်းခြင်းနှင့် လုပ်ငန်းစဉ်များချမှတ်ခြင်း တို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြ ကြောင်း သိရသည်။