ဒီကေဘီအေနှင့် စစ်အစိုးရ ပူးပေါင်းတပ် ကေအဲန်ယူအား ဆက်လက် ထိုးစစ်ဆင်

ဒီကေဘီအေနှင့် စစ်အစိုးရ ပူးပေါင်းတပ် ကေအဲန်ယူအား ဆက်လက် ထိုးစစ်ဆင်
by -
ဇော်ကြီး
ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ အဓိကကျသည့် တပ်ရင်းတခုအား ဒီကေဘီအေနှင့် မြန်မာစစ် အစိုးရတပ်တို့ ပူးပေါင်း၍ ဆက်လက် ထိုးစစ် ဆင်နေသည်။ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံတပ်ရင်း (၂ဝ၁) အခြေစိုက်ရာ ဝေါလေခီး တပ်စခန်း အား ...

ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ အဓိကကျသည့် တပ်ရင်းတခုအား ဒီကေဘီအေနှင့် မြန်မာစစ် အစိုးရတပ်တို့ ပူးပေါင်း၍ ဆက်လက် ထိုးစစ် ဆင်နေသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက်အောက်ခံတပ်ရင်း (၂ဝ၁) အခြေစိုက်ရာ ဝေါလေခီး တပ်စခန်း အား တိုက်ခိုက်သိမ်းပိုက်နိုင်ရန် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ)နှင့် စစ်အစိုးရ ပူးပေါင်းတပ်တို့ ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

စစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ရင်း(၉ဝ၆)၊ (၉ဝ၇) ပူးပေါင်းအင်အား ၂ဝဝ ခန့်သည် ယမန်နေ့ နေ့လည် ၁၂ နာရီ ခန့်က ကေအဲန်ယူ (၂ဝ၁) တပ်ရင်း အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်ရာ ပူးပေါင်းတပ်မှ ရ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဗိုလ်မှူးစောလှငွေ က ပြောသည်။

“အဲဒီ (၂ဝ၁) စခန်းနားမှာ ကပ်ပြီးတော့ ဝိုင်းထားတယ်။ ဘယ်လိုဝင်ရမလဲ သူတို့ကြံနေတဲ့ သဘောရှိတယ်။ ကျနော်တို့ကိုဖယ်ပြီးနေရာယူဖို့ ကြိုးစားနေတာပဲ။ သူတို့က သုံးလေး နေရာ လောက်ခွဲပြီးတော့ သူတို့ဝင်နိုင်မယ့်လမ်းတွေ ရှာနေတယ် အဲလိုပဲခန့်မှန်းရ တာပေါ့။” ဟု နောက်ဆုံး အခြေအနေနှင့်ပတ်သက်၍ ဗိုလ်မှူးစောလှငွေက ပြောသည်။

ကေအဲန်ယူ၏ အဓိက တပ်စခန်းဖြစ်သည့် တပ်ရင်း(၂ဝ၁) ဝေါလေခီး အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ရန် ဒီကေဘီအေက ရှေ့တန်းတက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြန်မာစစ်အစိုးရတပ်က နောက်တန်းမှ လက်နက်ကြီးများဖြင့် ကူပစ်ပေးခဲ့သည်။

ထိုင်းနိုင်ငံမှ ကြားခံ၍ညှိနိုင်းဆွေးနွေးရန်ပြောနေချိန်၌ နယ်စပ်တလျှောက် စစ်ဆင်ရေးများ တိုးမြင့်လာခြင်းသည် စစ်အစိုးရမှ ကေအဲန်ယူနှင့် ဆွေးနွေးရန် ဆန္ဒမရှိကြောင်း ပြသသည်ဟု ၎င်းကဆက်ပြောသည်။

“စကားပြောဖို့အတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေ ရာသီဥတုကောင်းတွေ မဖန်တီးပဲနဲ့ တဖက် ကနေပြီး ဆန္ဒမရှိကြောင်း ပြသတာလည်း ဖြစ်နိုင်တာပေ့ါ။”

ယခုတိုက်ပွဲဖြစ်ပွားရာ ဝေါလေခီး စခန်းသည် ထိုင်းနယ်စပ်နှင့် ချောင်းတခုသာခြားသဖြင့် နှစ်ဖက်တပ်များ နယ်မြေကျော်ဝင်လာမှုမရှိစေရန် နယ်စပ်တလျှောက်တွင် ထိုင်းနယ်ခြား စောင့်တပ်များက လုံခြံုရေး အင်အား တိုးမြင့် ချထားသည်ဟုသိရသည်။

ယခုကဲ့သို့ ဒီကေဘီအေတပ်များ လာရောက်တိုက်ခိုက်နေခြင်းသည် အမျိုးသားအကျိုး စီးပွားကို ရှေ့ရှုခြင်း မဟုတ်ပဲ အဖွဲ့တခု၏ အကျိုးစီးပွားကိုသာ အဓိကထားနေခြင်း ဖြစ်သည် ဟု ဗိုလ်မှူးစောလှငွေက သုံးသပ် ပြောဆိုသည်။

ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့သည် လွန်ခဲ့သည့် ဧပြီလ ၅ ရက်နေ့က  ကေအဲန်ယူ လက်အောက်ခံ တပ်ရင်း(၂ဝ၁)၏ ရှေ့တန်းပျောက်ကျားစခန်းတခုအား ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ယခုအခါ အခြေစိုက်စခန်းအား ဆက်လက်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် နေခြင်းဖြစ်သည်။

Most read this week