ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနရုံး ၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၈ရက်နေ့အထိ ပြုလုပ်ခဲ့သော ပြည်နယ်အဆင့် သန်းခေါင်စာရင်း အထူးနည်းပြ ၅ ရက်တာသင်တန်း ပြီးစီးကြောင်း သိရသည်။
“ သင်တန်းကို ရခိုင်ပြည်နယ် ၁၇ မြို့နယ်က တစ်မြို့နယ်ကို တစ်ယောက်ကျစီ တက်ရောက်ကြပါ တယ်။ တက်ရောက်တဲ့ သင်တန်းသားတွေက အလယ်တန်းပြအဆင့်နှင့် မူလတန်းပြ ကျောင်းအုပ်တွေဖြစ်တယ်။ ဆရာ၊ ဆရာမတွေဟာ ကိုယ့်မြို့နယ်မှာ ပြန်ပြီး ဆင့်ပွားသင်တန်းပို့ချမှာ ဖြစ်ပါတယ်” ဟုရခိုင်ပြည်နယ်ပညာ ရေးမှူး ဦးလှစိန်ထွန်းက ပြောသည်။
အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိ ပညာရေးဌာနမှ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမ တစ်မြို့နယ်လျှင် ၂ဦးကျ စုစုပေါင်း သင်တန်းသား ၃၈ ယောက် တက်ရောက်ခဲ့ပြီး သင်တန်း ဆင်းပွဲကို ၂၈ ရက်နေ့ညနေ ၆ နာရီခန့်တွင်သင်တန်းခမ်းမ၌ ပြုလုပ်ခဲ့သည်။
မောင်တောမြို့ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းရီးက “ ကျွန်မက သင်တန်း မတက်ခင်တုန်းကတော့ သန်းခေါင်စာရင်း ကောက်မယ့်အပေါ်မှာ စိုးရိမ်စိတ်တွေ ရှိနေခဲ့ပါတယ်။ သင်တန်းတက်ပြီးတော့ စိုးရိမ်စိတ်တွေ မရှိတော့ပါဘူး။ သန်းခေါင်စာရင်းကောက်တဲ့အခါ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် အောင်အောင်မြင်မြင် ပြီးဆုံးမယ်လို့ထင်ပါတယ်”ဟု ပြောသည်။
ဘင်္ဂါလီ စခန်းများသို့ သန်းခေါင်းစာရင်းကောက်ရန် အတွက် စိုးရိမ်စရာ မရှိနိုင်ကြောင်းကို ဆရာကြီး ဦးလှစိန်ထွန်းက “သန်းခေါင်စာရင်းကောက်ဖို့ သွားတဲ့အခါ ကျွန်တော်တို့ စာရင်းကောက် ဆရာ၊ ဆရာမတွေကို လုံခြံုရေး အပြည့်အဝ ယူပေးထားမယ်ဆိုတော့ စိုးရိမ်စရာမရှိပါဘူး။ ဘင်္ဂါလီခေါင်းဆောင်တွေ၊ ဆရာဆရာမ တွေ၊ လုံခြံရေးတင်းကြပ်ပြီး သွားကြမှာပါ” ဟု ထပ်ဆင့်ပြောကြားခဲ့သည်။
မတ်လ ၆ ရက်နေ့တွင် စစ်တွေခရိုင် အဆင့်သင်တန်းကို ကျောက်ကြီးလမ်း၊ အမကကျောင်း၌ပြုလုပ်မည်ဖြစ်ပြီး မတ်လ ၁၇ ရက်နေ့တွင် မြို့နယ်အဆင့်သင်တန်းကို ကျောင်းတက်လမ်း အမက၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စာရင်းကောက်၊ စာရင်းစစ် ဆရာ၊ ဆရာမ စုစုပေါင်း ၆၀၆၅ ဦးဖြင့် သန်းခေါင်စာရင်း ကောက်ယူမှုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးဌာနမှ သိရသည်။