သျှမ်းပြည်အရှေ့ပိုင်းရွှေတူးဖေါ်မှုကြောင့် လယ်ယာခြံမြေပျက်စီး

သျှမ်းပြည်အရှေ့ပိုင်းရွှေတူးဖေါ်မှုကြောင့် လယ်ယာခြံမြေပျက်စီး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင် တာလေ မြို့နယ်ခွဲ ငလျင်ဒဏ် ခံခဲ့ရသည့် မိုင်းလင်း အနောက် အုပ်စုအတွင်း ရွာဦးပိုင်း၌ ရွှေများ တူးဖေါ်လာမှုကြောင့် ရွာ၊ လယ်၊ ချောင်း၊ ပျိုးဥယျာဉ်များ ထွန်ယက် စိုက်ပျိုးမှု မပြုနိုင်အောင် ပျက်စီး ကုန်သည်ဟု ရွာသားများ ကပြောသည်။

နားဟိုင်းလုံရှိ ရွှေတူးဖော်သည့်နေရာ

တာချီလိတ်မြို့ မြောက်ဘက် (မော်တော်ဆိုင်ကယ်ဖြင့် တနာရီခန့်သွားရသည့်) မိုင်းလင်းကျေးရွာအုပ်စု ဝင် နားဟိုင်းလုံ၊ ဝိန်းမနော် ရွာဦးပိုင်း၊ ချောင်းဦးပိုင်း တောင်ကြော၌ စိုင်းတစ်ကုမ္ပဏီ၊ လွယ်ခမ်းလုံ ကုမ္ပဏီ၊ စိုင်းမွန်းခမ်းကုမ္ပဏီ နှင့် KML ကုမ္ပဏီတို့က ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ရွှေမှော် တူးဖော် ကျင်ယူသောကြောင့် စွန့်ပစ်ဓါတုပစ္စည်းနှင့် သဲများ၊  ရွှံ့မြေများ စီးကျလွမ်းခြုံကာ ရွာတွင်း၊ လယ်ကွက်၊ မြစ်ချောင်း နှင့် ပျိုးဥယျာဉ်များ ဧက ၂၀၀ ခန့် ပျက်စီးနေသည်ဟု ဒေသန္တရ ကျန်းမာရေး ဆရာမ နန်းလာ ကပြောသည်။

 “ကျမက ဒီရွာမှာမွေး၊ ဒီရပ်ရွာမှာနေပါတယ်။ ကျမမှာ မိဘဘိုးဘွားပိုင် လယ် ၁၂ ဧက ရှိပါတယ်။ စိုက်ပျိုးလို့ မရတာ သုံးနှစ်ရှိပါပြီ။ အရင်တုန်းက နွေစပါး မိုးစပါး စားဖို့ဖယ်ပြီးရောင်းရင် ထိုင်းဘတ်ငွေ ၂ သိန်းကျော် ကျန်ပါတယ်။ တစ်သီးအတွက်။ မနှစ်တုန်းက လယ်တဧက (စပါးထွက်နှုန်းဖြင့်ခန့်မှန်းပေး) တသောင်းခွဲပေး ပါတယ်။ အားလုံးအတွက်မပေးဘူး။ ပေးချင်သလောက်ပေးသွားတယ်။ ကျမတို့လယ် အတွက် ဘတ်တသိန်း ကျော်ကျော်ပေးသွားတယ်။ ရည်ရှည်ဘယ်လို အသက်ရှင်မလဲ။ လယ်လုပ်မရလို့ ကလေးကျောင်း ထုတ်ပစ်တာလဲ အများကြီးဘဲ” ဟု ဆရာမ နန်းလာက ပြောသည်။

အဆိုပါရွာသည် ထိုင်း၊ လာအိုတို့နှင့် နီးသော်လည်း ယခင်က သွားရောက်အလုပ်လုပ်ကိုင်ခြင်းမရှိကြောင်း၊ လက်ရှိတွင်မူ ဒေသတွင်းလူငယ် ၄ ပုံသုံးပုံမှာ ထိုင်းသို့ ပြောင်းရွှေ့အလုပ်ရှာနေကြောင်း၊ ကလေးများအား ပညာရေးတွင်ထောက်ပံ့ခြင်းမပြုနိုင်တော့သဖြင့်  ကျောင်းထွက်စေသဖြင့် ၎င်းတို့ အနာဂတ်ပျောက်နေကြောင်း နားဟိုင်းလုံ ကျောင်းထိုင်းဆရာတော်ကလည်း မိန့်ကြားတော်မူပါသည်။

“ဦးဇင်းတို့ရွာက တစ်ဝက်လောက်က သဲတွေ၊ နုန်းမြေတွေ ဖုံးကုန်ပြီ။ ငလျင်ဒဏ်ကြောင့် ကျောင်း တော်ပြန်ပြင် တာ မနှစ်ကဘဲရေစက်ချတာ။ အခုက အဲဒီမြေတွေ နှုန်းတွေ ပြန်ဝင်လာနေပြီ၊ ရွာလဲ မကြာခင် ပျက်သွားဖွယ် ရှိတယ်။ ဘယ်လိုပြန်လုပ်ပေးမှာလဲ။ သဘာဝ အတိုင်းဖြစ်အောင်။ အရင်က ဒီနမ့်ခမ်းချောင်းက ကြည်လို့၊ ရေသတ္တဝါတွေများလို့။ အခု ဘာမှ မရှိတော့ဘူး။ ချောင်းလဲ ချောင်းရုပ်မထွက်တော့ဘူး။ ဦးဇင်းတို့ တိုင်းပြည်က မင်းမဲ့နေတဲ့ပုံဘဲ” - ဟု မိန့်တော်မူသည်။

ရွှေတွင်းကြောင့် ရပ်ရွာလယ်မြေ သဲနှုန်း လွမ်းခြုံနေသည့်ပြဿနာဖြေရှင်းပေးရန်လာရောက်စစ်ဆေး သည့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကလည်း ရွာသားများအား- ‘ခင်ဗျားတို့လယ်က ပျက်နေပြီဘဲ။ လျော်ကြေး မရတာ ထက် အခုလာပေးနေတာ သဘောတူပြီးယူလိုက်ပါ၊ ငွေကလေးတလုံးတခဲ  ရသေး တယ်’ - ဟု ရွာသူကြီးဟောင်း ဦးစိုင်းဝင်း ကပြောသည်။

“ဘာလို့သဲတွေ နှုန်းတွေက ကျနော်တို့ရွာတွေလယ်တွေထဲ အဲဒီလောက် တောင်ဖုံးနေတာလဲဆိုပြီး စီမံကိန်းနေရာကို လေ့ခွင့်ပေးဖို့ ဓါတ်ပုံရိုက်ပြီး မှတ်တမ်းယူဖို့ ကျနော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကသွားတယ်။ လုံခြုံရေးစောင့်ပေးတဲ့ လားဟူပြည်သူ့စစ်က  ဝင်ခွင့်မပေး ဘူး။ ဝင်ရင်ပစ်မယ်လို့ သေ နတ်နဲ့ မောင်းတင်ခြိမ်း ခြောက်တယ်” ဟု လည်းလေ့လာရန်ရောက်ရှိခဲ့သည့် လူငယ်တဦးက ပြောသည်။

ရွှေတွင်းများရပ်တန့်ပေးရန် ကျားဖြူပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တာချီလိတ်အမတ် စိုင်းသိန်းအောင် တို့ထံလည်း ရွာသားများတိုင်ကြားဖူးကြောင်း၊ နောက်ပိုင်း - ကိုယ်ပိုင်လျှပ်စစ်တာဘိုင် ရှိသည့် အိမ်များအတွက် ဆိုလာပြားတပြား လာရောက်ချပေးကြောင်း၊ ရေစီးကြောင်းအတွက် ချောင်းများလာရောက်ပြု ပြင်ပေးသော် လည်း ထိရောက်မှု မရှိဘဲ ပိုမိုပျက်စီးလာနေကြောင်း ရွာသားများက ပြောသည်။