ကယားပြည်နယ် သန်းခေါင်စာရင်းကောက်ယူမှု လူထုအသိပညာပေးဟော ပြောပွဲများ ဖေဖော်ဝါရီလကုန်တွင် ပြီးနိုင်လိမ့်မည်ဟု ကယားပြည်နယ်လဝကညွန်ကြားရေးမှူး ဦးခင်စိုးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
လူထုအသိပညာပေးဟောပြောပွဲကို ပြည်နယ်မှူးကိုယ်တိုင် မြို့နယ်ဦးစီးမှူး လဝက၊ ကျောင်းဆရာမ၊ သူနာပြု၊ ကျေးရွာဥက္ကဌနှင့် ရွာမိရွာဖတို့နှင့်အတူ သွားရောက်အသိပညာပေးဟောပြောခဲ့ပြီး လူထုမှသိလိုသော အကြောင်းအရာများကိုမေးမြန်းစေသည်။
“အသိပညာပေးဟောပြောတဲ့အခါမှာ ပြည်သူတွေအလွှာပေါင်းစုံပါမယ်။ သန်းခေါင်စာရင်းကော်မတီပါမယ်။ အထောက်အကူပြုကော်မတီပါမယ်။ လူထုကိုလည်းပြောတယ်။ နောက်တခါ လူမှုအဖွဲ့အစည်းတွေ အဲဒါတွေလည်းပါတယ်” ဟု ပြည်နယ်မှူး ဦးခင်စိုးက ဆိုသည်။
ကယားပြည်နယ်တွင် လူထုပညာပေးဟောပြောပွဲကို ၂၀၁၃ နိုဝင်ဘာလလယ်၌ စတင်ဟောပြောခဲ့ပြီး ယခုအခါ ၁၂ ရွာသာကျန်သည့်အတွက် လကုန်တွင် ပြီးမည်ဟုပြည်နယ်မှုးကဆိုသည်။
လူထုအသိပညာပေး ဟောပြောပွဲကိုကယားပြည်နယ် တစ်ခုလုံးနီးပါး ဟောပြောပြီးခဲ့ရာတွင် ကျေးရွာရှိလူ ၁၀၀ ဦးတွင်် ၆၀-၇၀ ခန့်သာတက်ရောက်ကြသည်ဟု ပြည်နယ်မှူးကဆိုသည်။
ပြည်နယ်မှူးက “ကျနော်တို့ဆီက မြို့နယ်မှူးတွေကလည်းဘယ်ရွာေတွေရောက်ပြီလဲဆိုတာ ကျနော့်မှာစာရင်း ရှိတယ်။အဲဒီမရောက်သေးတဲ့ရွာတွေဆိုရင် ရောက်အောင်သွားမယ်။ ဒါဟာကျနော်တို့ ပြည်နယ်ဖွံ့ဖြိုးဖို့ အတွက်ပဲ” ဟုဆိုသည်။
ပြည်သူလူထုများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့တစ်မြို့တွင်ပေနှစ်ဆယ်ခန့်ရှိသည့် ဆိုင်းပုဒ်ကြီးနှစ်ခုကို ထောင်ထားပေး မည်ဖြစ်ကြောင်း၊ လမ်းထိပ်သစ်ပင်တွင် စာစောင်များချိတ်ဆွဲထားမည်ဖြစ်ကြောင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
လက်ထောက် လဝကမှူး မရွှေနှောင်းက “ကျမတို့ ဘယ်ရွာပဲသွားဟောပြောပြော အတတ်နိုင်ဆုံးရွာသားတွေ နားလည်သဘောပေါက်အောင်ပြောပြတယ်။ ရှင်းပြတယ်။ သူတို့နားမလည်ရင် နားလည်တဲ့အထိအတတ်နိုင် ဆုံးရှင်းပြတယ်” ဟုဆိုသည်။
ငွေတောင်ကျေးရွာအုပ်စု အောင်သပြေရွာနေ စောနေထူးက “ကျနော်ဆိုရှင်းရှင်းလင်းလင်းဘာမှမသိဘူး။ ချယ်ရီ အဲက်(ဖ်)အမ်မှာပဲ ကြားဖူးနားဝရှိတယ်။ အဲထဲမှာ သန်းခေါင်စရင်းကောက်တော့မှာမို့ အိမ်ထောင်စုစာရင်း လုပ်ထားဆိုတာလောက်ပဲ သိတယ်” ဟု ဆိုသည်။
စာရင်းကောက်တွင် ပါဝင်မည့် ကျောင်းဆရာမတစ်ဦးက “ကျမတို့ကိုမတ်လ ၁၇ ရက်နေ့မှာစပြီး ၂၁ ရက်နေ့ အထိ ၅ရက် သင်တန်းပေးမယ်လို့ ပြောပါတယ်”ဟု ဆိုသည်။
ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ မော်ချီး၊ ဖာဆောင်းနှင့် မယ်စဲ စသည့် မြို့နယ် ရ မြို့နယ်ရှိသည်။