အစိုးရတပ်နှင့် KIA တပ်များကြား တပ်မဟာ (၄) ဒေသတွင် တင်းမာနေဆဲ

အစိုးရတပ်နှင့် KIA တပ်များကြား တပ်မဟာ (၄) ဒေသတွင် တင်းမာနေဆဲ
by -
ကေအဲန်ဂျီ

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၄) နယ်မြေ၌ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့တွင် အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ကြား  ရင်ဆိုင်တိုက်ပွဲ(၂) နေရာ ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) အရာရှိများထံမှ သိရသည်။

KIA တပ်ရင်း (၉) ဒေသ နမ်ဖတ်ကာမြို့နယ် ဆင်းကြိုင်ရွာအနီးတွင် ထိုနေ့ နံနက် ၁၀ ခွဲချိန်မှ ၁၁ နာရီခွဲချိန်ထိ တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရတပ်သည် ၂ နာရီချိန်ထိ လက်နက်ငယ်များဖြင့်လည်း ဆက်လက် ပစ်ခတ်နေကြောင်း သိရှိရသည်။

ဗိုလ်ကြီး အင်ပေါပ်လအောင်ဦးဆောင်သော မူးယစ်ဆေးဝါနှင့် ပတ်သက်၍ ပညာပေးဟောပြောပွဲများပြုလုပ်ချိန် အစိုးရစစ်ကြောင်းနှင့် ပန်ဆေးပြည်သူ့စစ် အင်အား ၄၀ ကျော်သည် ၎င်းမူးယစ်ပညာပေးရေးအဖွဲ့ နောက်လိုက်နေခြင်းကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA အရာရှိများ KNG ကချင်သတင်းဌာန သို့ ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါး ပညာပေးဟောပြောပွဲအဖွဲ့၏ ၁၀ ကြိမ်ကျော် ပြုလုပ်သော ဟောပြောပွဲနေ့တွင် ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆင်းကြိုင်ရွာသည် နမ်ခမ်းလမ်းမကြီးဘေးတွင်ရှိပြီး အစိုးရတပ်စခန်း ၁၂ မိုင် ၁၃ မိုင်နှင့် မဝေးသော နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၃ နာရီကျော်ချိန် အစိုးရစစ်ကား ၂ စင်းသည် နမ့်ခမ်းဘက်မှ ထပ်မံတိုးချဲ့လာကြောင်း KIA ဖက်မှပြောသည်။

ထို့အပြင် KIA တပ်မဟာ (၄) မုန်ဂိုးဒေသ KIA တပ်ရင်း (၃၆) နယ်မြေတွင်လည်း ယမန်နေ့ နေ့လည် ၁၂ နာရီခွဲချိန်မှ ၁ ခွဲချိန်ထိ ကြူမွေးနှင့် ဘဖန်ကြား ခလရ (၂၄၁) အင်အား ၈၀ ကျော်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖေဖဝါရီလ ၂၂ ရက် ကတည်းက လုံဂျာဘက်မှလှုပ်ရှားလာသော ၎င်းအစိုးရစစ်ကြောင်း ခလရ (၂၄၁) စစ်ကြောင်းနှင့် လုံဒုအနီးတွင်လည်း KIA တပ်ရင်း (၃၆) ကြား ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ တိုက်ပွဲဖြစ်ပြီးနောက် အစိုးရတပ်မှထိခိုက်ဒဏ်ရာရသူ ၁ ဦးအားသယ်ဆောင်ကာ မန်ယာဘက်သို့ နောက်ဆုတ်သွားကြောင်း မျက်မြင်များပြောသည်။

ထိုသို့ တပ်မဟာ (၄) ဒေသတွင် တင်းမာမှုများရှိနေပြီး တိုက်ပွဲများနေ့စဉ်ဖြစ်ပွားကြောင်း သိရှိရသော်လည်း မည်သည့်ဒေသတွင် ဖြစ်ပွားနေကြောင်းကိုမူ သေးစိတ်မသိရှိရသေးကြောင်း၊ ယခုချိန် ယုံကြည်မှု တည်ဆောက်နေချိန် နှစ်ဖက်တပ်မှ တိုက်ပွဲများမဖြစ်ပွားအောင် ထိန်းသိမ်းရန် အကောင်းဆုံးဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှ ဦးဆန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) ဒေသတွင် ယခုရက်ပိုင်း KIA တပ်ရင်း ၂ ဒေသသို့ အင်အား ၃၀၀ ကျော်တိုး ချဲ့လာပြီး တပ်ရင်း ၃၄ ဒေသတွင် ယခုချိန် စစ်အင်အား ၂၀၀၀ ကျော် လှုပ်ရှားနေကြောင်း တပ်မဟာ (၄) အရာရှိများပြောသည်။

အစိုးရတပ်သည် အစိုးရစစ်အင်အားများတိုးချဲ့ခြင်းမဟုတ်ကြောင်း တပ်အပြောင်း အလဲဖြစ်ကြောင်း ပြောသော်လည်း လက်တွေ့တွင် တင်းမာမှုများရှိလာသောကြောင့် သုံးသပ်ကြည့်ရမည်ဖြစ်ကြောင်း PCG ဆန်းအောင် ပြောသည်။