ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာကြသည့် မြန်မာနိုင်ငံသားများ ကန်ချနပူရီ-စံခလပူရီ-ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ကာ ပြည်တော်ပြန်နေမှုကို ထိုင်းအာဏာပိုင်တို့က ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ကန့်သတ်လိုက်သည်။
“ဒီညွှန်ကြားချက်က ချော်ကော်(ကန်ချနပူရီအခြေစိုက် အမှတ်(၉) တပ်မတော်ဌာနချုပ်)ကလာတဲ့ တိုက် ရိုက်ညွှန်ကြားချက်ဖြစ်တယ်။ ဒီလမ်းမှာ ထိုင်းရဲတွေက ရှောင်တခင်ဂိတ်တွေချပြီး ပတ်စပိုစ့်သမားတွေ ကို တစ်ဦးကို ၁၀၀ ဘတ်ကောက်တယ်။ ဒါကို ဖြေရှင်းချင်တာလည်း ပါတယ်။ နောက်တစ်ခုက ဒီလမ်း က တရားဝင် နယ်စပ်ဖြတ်ကျော်လမ်းကြောင်း မဟုတ်ဘူး”ဟု ထိုင်း အမှတ်(၉)တပ်မတော်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက မဇ္စျိမကို ပြောသည်။
ဇန်နဝါရီ ၂၄ ရက် နံနက်တွင် ဘုရားသုံးဆူမြို့မှ စံခလမြို့သို့ လာရောက်သည့် အမည်မဖော်လိုသူဒေသ ခံတစ်ဦးကလည်း လမ်းတစ်လျှောက်တွင် ထိုင်းအမှတ်(၉)တပ်မတော်မှ ယခင်အထိုင်ဂိတ်နှစ်ခုအပြင် ရှောင်တခင်ဂိတ် သုံးခုကို ထိုင်းအမှတ်(၉)တပ်မတော် လက်အောက်ခံဒေသအခြေစိုက်တပ်ရင်းက အင် အားတိုးချဲ့ချထားသည်ဟု ဆိုသည်။
“အရင်ကတော့ စစ်တပ်အထိုင်ဂိတ် နှစ်ဂိတ်ပဲရှိတယ်။ နမ်းကိတ်ဂိတ်နဲ့ သုံးဆူအထွက်နားမှာ တစ်ဂိတ်၊ အခုလမ်းမှာ နောက်ထပ်သုံးဂိတ်တိုးချထားတယ်၊ ရဲဂိတ်တွေကိုတော့ မတွေ့ရတော့ဘူး”ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၃ ရက်က ကန်ချနပူရီ-စံခလပူရီ-ဘုရားသုံးဆူလမ်းမှ မြန်မာပြည်သို့ ပြန်လာသူ အယောက် ၆၀ ကျော်တို့၏ နိုင်ငံကူးလက်မှတ်များကို ထိုင်းစစ်တပ်ကသိမ်းဆည်းလိုက်ကာ ထိုင်းအာဏာပိုင်များနှင့် မြန်မာနိုင်ငံသားတို့အကြား တင်းမာမှုဖြစ်ပွားခဲ့သည်။
“ဒီရောက်တော့ သူတို့ (ထိုင်းအာဏာပိုင်)တွေက သိမ်းလိုက်တယ်၊ ကျွန်တော်တို့ကိုင်ထားတဲ့ ပတ်စပိုစ့် တွေအားလုံးက အပြည့်အစုံရှိပါတယ်။ အလုပ်လုပ်ခွင့် လက်မှတ်လည်း ရှိတယ်။ ဗီဇာသက်တမ်းလည်း ရှိပါတယ်”ဟု နိုင်ငံကူးလက်မှတ်အသိမ်းခံရသည့် မွန်ပြည်နယ် ကော့ခပုံရွာမှ ကိုသန်းထိုက်က ပြော သည်။
ပတ်စပို့စ်အသိမ်းခံရသည်ကို မကျေနပ်ကြသည့် မြန်မာနိုင်ငံသား ၆၀ ကျော်တို့သည် အဆိုပါကားလမ်း မကြီး ပတ်စပိုစ့် ပြန်လည်ပေးအပ်ရေး ပိတ်ဆို့ဆန္ဒပြခဲ့ပြီးနောက် ညပိုင်း ၉ နာရီခန့်တွင် နိုင်ငံကူးလက် မှတ်များ ပြန်လည် ပေးအပ်ခဲ့သည်။
ထိုကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်သစ်ပါတီ အာဏာပိုင်များနှင့် ထိုင်းအမှတ် (၉)၊ တပ်မတော်ဂိတ် နမ်းကိတ် ဂိတ်တို့အကြား တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်ဟု မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှ အရာရှိက မဇ္စျိမကို ပြောသည်။
ကန်ချနပူရီ-စံခလပူရီ-ဘုရားသုံးဆူ လမ်းကြောင်းအစား တရားဝင် နယ်စပ်ဖြတ်ကျော်ဂိတ်များဖြစ်သည့် ကော့သောင်း-ရနောင်းလမ်း၊ မြဝတီ-မဲဆောက်လမ်း၊ တာချီလိတ်-မဲဆိုင်လမ်းနှင့် ဖူးနမ်းရွန်း(ရေပူစမ်း)-ထီးခီးဂိတ်တို့ကို အသုံးပြု၍ မြန်မာနိုင်ငံသားများ သွားလာကြရန် ထိုင်းအာဏာပိုင်များက လိုလားလျက် ရှိသည်။