သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးနှင့် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့ နယ်ကြား ရှိဒေသသို့ အစိုးရတပ် များ အင်အားဖြည့် တင်းရောက် ရှိလာသည့် အတွက် သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ထိပ်တိုက် ထိတွေ့မှု ဖြစ်ပွား မည်ကို ဒေသခံများက စိုးရိမ် နေကြပါသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအောတ်၊ တောင်ဟျိုးနှင့် တန့်ယန်းမြို့နယ် နမ့်လောဝ်း ၊ ရ မိုင် ဘက် အစိုးရတပ်များ အခြေချရှိရင်းစွဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇ မိုင်းပန်) လက်အောက်ခံတပ်များအပြင် မိုင်းနောင် အခြေစိုက် စကခ ၂ လက်အောက်ခံတပ်များ အင်အားတိုးဖြည့် လာခြင်းဖြစ် ကြောင်း၊ အဆိုပါဒေသအတွင်း တပ်အပြောင်းအလဲလှုပ်ရှားမှုတွင် စုစုပေါင်းစစ်အင်အား ၁၀၀၀ ထက်မနည်း ရောက်ရှိနေကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများက ပြောသည်။
“ဟုတ်တယ် ကျနော်တို့လဲ သိပါတယ်။ စကခ ၁၇ က ရာဂဏန်းက ရှိနေပြီးသား၊ အဲဒီတပ်တွေ နောက် တန်းပြန်ဖို့ထင်တယ်။ စကခ ၂ က အစားလာထိုးတာဖြစ်နိုင်တယ်။ စစ်ဆိုတာ ယုံလို့တော့မရဘူးလေ။ ဒါ့ကြောင့် ကျနော်တို့ဘက်လဲ စစ်ရေးတော့ အသင့် အနေအထား ရှိနေရလိမ့်မယ်။” - ဟု ဌာနချုပ်အရာ ရှိတဦးက ပြောသည်။
“ဒီစစ်သား စစ်တပ် စစ်တိုက်ခြင်းတွေကို အရမ်းအမြင်ကပ်ညီးငွေ့နေပါပြီ။ သူတို့မလာရင်တိုက်ပွဲက မဖြစ်ဘူး။ အင်အားတိုးလာရင်တော့ ကြောက်ရတယ်။ သူတို့တွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေတုန်းက အရမ်းဒုက္ခရောက်တယ်။ လယ်ယာ စိုက်ပျိုးမှု ကောင်းကောင်းကိုမလုပ်ရဘူး၊ အိမ်ယာထားပြီး ထပ်တိမ်းရှောင်ရမှာကို ကြောက်နေတယ်” - ဟု အသက် ၅၀ အရွယ် တောင်ဟျိုးရွာသူ အမျိုးသမီးကပြောသည်။
အဆိုပါဒေသ သည် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ၏ ကြားခံနယ်မြေများဖြစ်သည်။ ထို့ကြောင့် အပစ်ရပ်ထားသော်လည်း စစ်ရေးဗျူဟာကျသည့် အဆိုပါဒေသအား အခြေကုပ်နိုင်ရေး နယ်မြေလွမ်းစိုးမိုးနိုင်ရေးအတွက် မကြာခဏ ထိုးစစ်ဆင်လေ့ရှိသည်။