မိုင်ဒေါလ်သဲ (Chin World ဂျာနယ်)။ ။ သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် တွေ့ဆုံမည်ဟု သိရသည်။
တိုင်းရင်းသားအဖွဲ့အစည်းများက လူမျိုးသင်္ကေတများကို စိုးရိမ်ပူပန်မှုများရှိနေကြပြီး ထိုမေးခွန်းပုံစံအား
ဖြေရှင်းပေးပြီးသည်အထိ လုံလောက်သော ပြင်ဆင်မှုရရှိမှသာ သန်းခေါင်စာရင်းကို စတင်ကောက်ယူရန် တိုင်းရင်းသားအဖွဲ့အစည်းများ အလေးအနက်တောင်းဆိုကြခြင်းဖြစ်သည်။
၎င်းအပြင် တိုင်းရင်သားဒေသများတွင် သန်းခေါင်စာရင်းအကြောင်းကိုပင် နားလည်သိရှိမှုအလွန်နည်းပါးကာ မြန်မာနိုင်ငံ၏ ဘုံသုံးဘာသာစကားကိုပင် ကျွမ်းကျင်နားလည်မှုမရှိသဖြင့် သန်းခေါင်စာရင်းဖြည့်သွင်းရာတွင်
အမှားအယွင်းများရှိနိုင်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
“အဓိကတော့ တောင်ပေါ်မှာနေထိုင်တဲ့ အဘိုးကြီး၊ အဘွားကြီးတွေနဲ့ ကလေးတစ်ချို့တွေက ဗမာစကားကိုနား မလည်တဲ့ အခါကျတော့ ဘယ်လိုထည့်ရမလဲ ဆိုတာလဲမသိကြဘူး။ အဲတာတွေအတွက်ကို ကြိုတင်ပညာပေးဖို့ တော်တော်များများလိုသေးတယ်။ ခုချိန်ထိလည်း အဲတာတွေ လုံလောက်မှုက မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
တိုင်းရင်းသားဖွဲ့အစည်းများအနေဖြင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် တွေ့ဆုံပါက သန်းခေါင်စာရင်း ကောက်ယူရေးနှင့် ပတ်သက်၍ အစိုးရထံလက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြသည့်ကို်ယ်စားလှယ်များသာမက
ပါ၀င်ဆွေးနွေးလိုသူများကိုလည်း ဖိတ်ခေါ်ထားကြောင်းသိရသည်။
သန်းခေါင်စာရင်းရလဒ်များအား နိုင်ငံရေးဆုံးဖြတ်ချက်များတွင် အသုံးပြုမည်ကို စိုးရိမ်သည့်အတွက်ဗဟိုသန်း ခေါင်စာရင်း ကော်မရှင်အနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများအားတစ်ချိန်တည်း၊ တစ်ပြိုင်တည်းတွေ့ဆုံဆွေး နွေးညှိနှိုင်းပေးရန် ကချင်၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင် စသည့်တိုင်းရင်သာအဖွဲ့အစည်း ၃၂ ဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်တွင်ပူးပေါင်းသဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။