သန်းခေါင်စာရင်းမကောက်ယူမီ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်ပြုလုပ်ပေး

သန်းခေါင်စာရင်းမကောက်ယူမီ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်ပြုလုပ်ပေး
by -
ခိုင်ချိုမာ

ခိုင်ချိုမာ (ရှမ်းနီ)။    ။ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနက မြို့နှင့် အလှမ်းဝေးသော ကျေးရွာများတွင် သန်းခေါင်စာရင်း အကြောင်းအရာများ ရှင်းလင်း၍ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးနေကြောင်း သိရသည်။

အဆိုပါ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကို ဖေဖော်ဝါရီ လဆန်းမှစတင်ပြီး ဟိုပင်မြို့နယ်ပေါ်နှင့် ကျေးရွာများအားလုံးကို Door to Door စနစ်ဖြင့် မှတ်ပုံတင်လုပ်ပေးနေပြီး သန်းခေါင်စာရင်းကောက်ကူရာ ၌လည်း စံပြမြို့အဖြစ်သတ်မှတ်ထားကြောင်း၊ မေးခွန်းပုံစံများ သဘောပေါက်စေရန် အသေးစိတ်ရှင်းလင်း ပေးနေကြောင်းကို မိုးညှင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ဦးစီးမှူး M ဇော်နော်က ပြောသည်။

"ဟိုပင်မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၀ ရွာကို အလှည့်ကျ တစ်ရွာစီ လှည့်ပြီး Door to Door စနစ်နဲ့လုပ် ပေးနေတာ။ ကျန်ရှိနေသေးတဲ့ရွာတွေကိုလည်း အပတ်စဉ်လိုက် လုပ်ပေးသွားမှာပါ" ဟု သူက ဆက်ပြောသည်။

မှတ်ပုံတင်မရှိသေးသည့် အသက်ကြီးရွယ်အိုများနှင့် မြို့ပေါ်မလာနိုင်သူများကို ဦးစားပေးစနစ်ဖြင့် တစ်ရွာလျှင် ယင်းမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအား လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

"မှတ်ပုံတင် မလုပ်သေးတဲ့သူရှိရင်လည်း ရုံးမှာလာ လုပ်လို့ရပါတယ်။ မြို့ပေါ်နေသူတွေကတော့ ရုံးနဲ့ နီးတဲ့ အတွက် အချိန်မရွေး လာလုပ်လို့ရပါတယ်" ဟု ဟိုပင်မြို့နယ် လဝက လက်ထောက် ရေးမှူး ဦးရဲလှက ပြောသည်။

အပတ်စဉ် စနေနေ့တိုင်း ကျေးရွာအလိုက် မှတ်ပုံတင်နှင့် အိမ်ထောင်စုအသစ်လုပ်ပေးပြီး သန်းခေါင်စာရင်းနှင့် ပတ်သက်သော အကြောင်းအရာအချက် ၄၁ ချက်ကို မှန်ကန်စွာ ဖြေဆိုပေးကြရန် စည်းဝေးဟောပြောသွား သည်။

"အသက်ကြီးပြီး အသွားနိုင်တဲ့သူ အဘွားကြီး ၁၀ ယောက်ကို မှတ်ပုံတင် လုပ်ပေးသွားတယ်။ ပိုက်ဆံကတော့ မပေးရပါဘူး။ ဒါပေမယ့် လူမျိုးကို ရှမ်းနီလို့ ပြောတာ ရှမ်းလိုပဲ ရေးပေးတယ်။ တချို့ဆိုရင် ဗမာလို့ ရေးတယ်။ အဘွားတို့က ရှမ်းနီတွေပါ။ သန်းခေါင်စာရင်း ကောက်တဲ့အချိန်ရောက်ရင် လူမျိုးအမည် ပျောက်မှာစိုးရိမ်နေရပါ တယ်" ဟု နှုံးချိုကျေးရွာမှ အဘွားအိုက ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လုပ်ငန်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲများကို မိုးညှင်းခရိုင်မှ လဝက ဦးစီးမှူးများ၊ ဟိုပင်မြို့နယ် လဝက ဦးစီးမှူးများ၊ ဒေသဆိုင်ရာ လူကြီးမင်းများနှင့် ကျေးရွာအသီးသီးမှ ကျောင်းဆရာမ များ မကြာခဏ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ု

ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း သန်းခေါင်စာရင်းအသိပညာပေး ရှင်းလင်းပွဲကို ဟိုပင်မြို့နယ်အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်သွားကြောင်း ယင်းမြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတိုးကျော်သူက ပြောသည်။

Most read this week