သန်းခေါင်စာရင်းတွင် မျိုးနွယ်စုအလိုက်ဖြည့်စွက်လျှင်လူမျိုးပျောက်ကွယ်သွားနိုင်

သန်းခေါင်စာရင်းတွင် မျိုးနွယ်စုအလိုက်ဖြည့်စွက်လျှင်လူမျိုးပျောက်ကွယ်သွားနိုင်
by -
ဆန်မွန်းရာ

ဆန်မွန်းရာ (မြစ်ကြီးနား ဂျာနယ်)။    ။ လက်ရှိ ၂၀၁၄ သန်းခေါင်စာရင်းကောက်ခံမည့် ပုံစံစနစ်အတိုင်း ဖြည့်စွက်လျှင် လူမျိုးပျောက်ကွယ်နိုင်ကြောင်း  ကချင်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု ခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများသုံးသပ်ပြောဆိုကြသည်။

ကချင်ပြည်နယ် မြစ်ကြီးနား ရပ်မိရပ်ဖ တစ်ဦးက “ သူတို့က ဇယားမှာဖြည့်ခိုင်းမယ်။ ကျွန်တော်ဆိုရင် လော်ဝေါ်မျိုးနွယ်စုပါ။ ဥပမာ ကျွန်တော်က လော်ဝေါ်လို့ ဖြည့်မယ်ဆိုရင် ကချင်မှာဖြည့်လို့မရတော့ဘူး။
ဒါဆိုရင် ဖြစ်လာမယ့် ပြဿနာက နောက်ပိုင်းဆိုရင် ကချင်လူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူး ဆိုတာတွေဖြစ်လာမှာပါ” ဟု ပြောသည်။

အဆိုပါ ကောက်ခံမည့် ပုံစံတွင် မျိုးနွယ်စုအလိုက် ထည့်သွင်းရမည်ဖြစ်ပြီး ထိုပုံစံ အတိုင်းဖြည့်စွက်လိုက်ပါက လူမျိုးပျောက်ကွယ်နိုင်ကြောင်း သုံးသပ်ခြင်းဖြစ်ပြီး ကချင်သည် မျိုးနွယ်စု မဟုတ်ကြောင်းနှင့် လူမျိုးသာဖြစ် ကြောင်းပြောသည်။

လက်ရှိဇယားအရ ကချင်လူမျိုးတစ်ဦးသည် မျိုးနွယ်စု (၂)ခုနှင့် (၄)ခုတွင် အကျံုးဝင်နေပြီး ပြည်တွင်းစစ်မျာ းကြောင့် မှန်ကန်သည့်သန်းခေါင်စာရင်း ကောက်ခံနိုင်မည့် အချိန်မဟုတ်ကြောင်း ကချင်ပြည်နယ် ဒေသခံများက ပြောသည်။

ထို့အပြင် ကချင်ပြည်နယ်တွင် စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်သူများ စုစုပေါင်း တစ်သိန်းခန့် ရှိနေပြီး သန်းခေါင်စာရင်းပုံစံတွင် ဖြည့်စွက်ရမည့် ပစ္စည်းပိုင်ဆိုင်မှုတွင် အခက်အခဲ များစွာရှိနေကာ သန်းခေါင်စာ ရင်းကောက်ခံမည့် အစီအစဉ်မှာ အခက်အခဲရှိကြောင်း ကချင်လူထူများက သုံးသပ်ပြောဆိုကြသည်။

သန်းခေါင်စာရင်းကောက်ယူမည့် ပုံစံစနစ်ကို လူထုအနေဖြင့် တိကျသည့် သတင်းအချက်အလက်များ မရရှိသည့်အပြင် မေးခွန်းပုံစံကြောင့် မျိုးနွယ်စုအကြား ရှုပ်ထွေးမှုများ ရှိနေကြောင်းကချင်တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

မကြာခင် ကောက်ခံမည့် ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူမျိုးများကို အတည်ပြု ပြဌာန်းသွားမည် ဖြစ်ကြောင်း ၀န်ကြီးဦးခင်ရီက တိုင်းရင်းသားမီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

Most read this week