ဆန်မွန်းရာ(မြစ်ကြီးနား ဂျာနယ်)။ ။ ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်ပြီး တိုင်းရင်းသားဘာသာစကားကျွမ်းကျင်သူများနှင့် တိုင်းရင်းသားခေါင်းဆောင်များအား ဆွေးနွေးတိုင်ပင်ခဲ့ခြင်း မရှိကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပသည့် 2014 National Census Advisory Meeting တွင် UNFPA အဖွဲ့မှ Ms.Janet Jackson က ဝန်ခံပြောဆိုလိုက်သည်။
ယင်းဆွေးနွေးပွဲသို့ ကချင်လူမှုအဖွဲ့အစည်း (၂၉)ဖွဲ့ကိုယ်စား တက်ရောက်သည့်ဦးကေဇော်လွန်းက “UNFPA က Ms Janet Jackson က သူတို့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုင်ပင်တာတွေ မလုပ်ခဲ့လို့
သူတို့မှားတယ်ဆိုပြီး ပြောတယ်”ဟု ပြောသည်။
ယခုတွေ့ဆုံမှုမှာ ဒုတိယ အကြိမ်ဖြစ်ပြီး အစိုးရချမှတ်ထားသည့် ပုံစံခွက်အတွင်းသာ သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး အကြံပေးရခြင်း ဖြစ်ကြောင်း ဆိုသည်။
ကချင်တိုင်းရင်းသားများမှ သိမှတ်၊ နားလည်၊ သတ်မှတ်ထားသော ကချင်တိုင်းရင်းသား မျိုးနွယ်စု အရေအတွက်များဖြင့် အချိန်မီအစားထိုးပြင်ဆင်ပေးရန်၊ သန်းခေါင်စာရင်းကောက်ယူမည့် အချိန်ကို ေ့ရွဆိုင်းပေးရန်စသည့်အချက် နှစ်ချက်ကို အကောင်အထည်ဖော်ခြင်းမရှိပါက မေးခွန်းပုံစံ ဇယားအမှတ်(၈) ကို ချန်လှပ်ပေးရန် တိုင်းရင်းသားများ တောင်းဆိုထားမှုကို လွှတ်တော်က အတည်ပြုမှသာလျှင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြောသည်။
တိုင်းရင်းသားကြားတွင် ထို မေးခွန်းပုံစံ ဇယား အမှတ် (၈) ဖြစ်သည့် လူမျိုးစု မေးခွန်းသည် လူမျိုးစု အချင်းအချင်းကြား သွေးခွဲမှုတစ်ခုသာဖြစ်ကြောင်း စိုးရိမ်ပူပန်နေသည်။
အချို့လူမျိုးနွယ်စုများတွင်မူ မိမိမျိုးနွယ်စု မပါရှိသဖြင့် အခြား (other) တိုင်းရင်းသားမျိုးနွယ်စုတွင် ထည့်ရန် စည်းလုံးလှုပ်ဆော်မှုများလည်းရှိနေကြသည်။
လာမည့် ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း သန်းခေါင်စာရင်း ကောက်ခံသွားရန် သက်ဆိုင်ရာက အသိပေးနှိုးဆော်ထားသည်။