နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မရဲစခန်း၊ အချုပ်ခန်း၌ ဖေဖော်ဝါရီလ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် ဆူပူမှုတွင် အချုပ်သားတဦးသာ ဒဏ်ရာရရှိခဲ့သည်ဟူသော ရဲတပ်ဖွဲ့၏ ပြောကြားချက်သည် ဖြစ်ရပ်မှန်
နှင့် ကွဲလွဲနေသည်ဟု အခင်းဖြစ်ပွားရာ အချုပ်တွင်းရှိနေခဲ့သူများက ဖေဖော်ဝါရီ ၁၈ ရက်က ပြောသည်။
အခင်းဖြစ်ပွားရာ ရှိနေခဲ့သည့် အချုပ်သား ကိုဇော်လတ်က “တကယ့်ဖြစ်စဉ်မှာ ဒဏ်ရာရသူက သေနတ်ဒဏ် ရာရသူက နှစ်ဦးပါ။ ရိုက်နှက်လို့ ဒဏ်ရာရသူတွေက ၁ဝ ဦးထက်မနည်း ရှိပါတယ်” ဟု ပျဉ်းမနားရဲစခန်းမှ အချုပ်သားများ ပုဗ္ပသီရိတရားရုံးသို့ ရောက်ရှိစဉ် ပြည်တွင်းမီဒီယာအချို့ကို ပြောသည်။
ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးမှာ အချုပ်ခန်း ၁၂ မှ ကိုညီညီနှင့် အခြားတစ်ဦးမှာ အချုပ်ခန်း ၆ မှ ကိုသန်းဇော်ဝင်း ဆိုသူတို့ဖြစ်သည်။ ဆူပူမှုဖြစ်ပွားရာတွင် ပါဝင်သည့် အချုပ်သားတစ်ချို့ကိုရမည်းသင်း ထောင်သို့ ညတွင်းချင်းပြောင်းရွှေ့ခဲ့ရသည်ဟု ၎င်းက ပြောသည်။
ကိုဇော်လတ်က “ကျွန်တော်တောင် ပခုံးမှာ တစ်ချက်အရိုက်ခံရသေးတယ်"ဟု ပြောသည်။
သို့သော် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၁၅ရက်တွင်မူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ဒု-ရဲမှူးကြီး ဝင်းစိန် (ဦးစီးမှူး၊ ပထမတန်း) က အချုပ်သား တစ်ဦးသာ ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထောက်များကို ပြောခဲ့သည်။
ကိုဇော်လတ် အပါအဝင် ၂၁ ဦးသည် ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလက ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းစာတိုက်နှင့် ပုံနှိပ်စက် အတွက် ဝဲကြီးကျေးရွာမှ လယ်ယာဧက ၅ဝဝ ကျော်ကို သိမ်းယူထားပြီး လျော်ကြေးကို ကာလပေါက်စျေးထက် လျော့နည်းပေးအပ်သည်ဟုဆိုကာ တောင်သူလယ်သမားများမှ ထွန်တုံးတိုက်ပွဲ ဆင်နွှဲရာမှ အစပြုဖြစ်ပွားသော ပဋိပက္ခတွင် ဖမ်းဆီးခံထားရ ကာ တရားရင်ဆိုင်နေရသူများ ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ဒုတိယရဲမှူးကြီး ဝင်းစိန် (ဦးစီးမှူး၊ ပထမတန်း)က အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ကာ စစ်ဆေးမည်ဟု ယင်းနေ့က ပြောကြားခဲ့ပြီး အချုပ်သားအချင်းချင်း မကျေနပ်မှုကြောင့် ဖြစ်သည်၊ အုပ်ချုပ်သူ များကို မကျေနပ်မှုကြောင့် ဖြစ်သည်လား စစ်ဆေးသွားမည်ဟု ပြောကြားထားသည်။
၎င်းက "ဒီဟာက ဖြစ်နေတဲ့ အကြောင်းအရင်းကို ရှာရမယ်။ သူတို့တင်ပြတာလဲ ဟုတ်ချင်မှ ဟုတ်မယ်။ ကျွန်တော်ပြောခဲ့တာလဲ သူတို့တင်ပြတဲ့အရာတွေပါ။ စုံစမ်းစစ်ဆေးရေးအဖွဲ့က လူတွေခွဲပြီး စစ်တဲ့အခါ ရဲရဲတင်းတင်း ပြောရဲတာတွေ ရှိလာလိမ့်မယ်" ဟု ပြောသည်။
ဒု-ရဲမှူးကြီး ဝင်းစိန်၏ ပြောကြားချက်အရ ယင်းဖြစ်စဉ်သည် ရဲစခန်းအချုပ်ခန်းရှိ စိတ်ဝေဒနာရှင် အချုပ်သားတစ်ဦးသည်ဖေဖော်ဝါရီလ ၁၅ ရက် နံနက်စောစောတွင် ခေါင်းဖြင့် အချုပ်ခန်းသံတိုင်ကို ဆောင့်သည့်အတွက် ခေါင်းကွဲသွားသဖြင့် ၎င်းအား ဆေးကုသပြီးနောက် စိတ်ငြိမ်ဆေးထိုးကာ အချုပ်ခန်းသို့ ပြန်လည် ထည့်သွင်းချိန်တွင် ဆေးအာနိသင် မပြေသေးချိန်ဖြစ်သည့် အတွက် ထွက်ပြေးရန် ကြိုးစားရာမှ ဖြစ်စဉ်အစပြုသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၈ နာရီ၊ မိနစ် ၃ဝ တွင် စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဆူပူမှုအတွက် မီးသတ်ယာဉ် လေးစီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ ရာဂဏန်းနီးပါးရှိမည့် ရဲတပ်ဖွဲ့ဝင်များ လာရောက်ထိန်းသိမ်းခဲ့ရာတွင် ပါဝင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။