ကယားပြည်နယ်NLD ကွန်ပြူတာအခမဲ့သင်ကြားပေး

ကယားပြည်နယ်NLD ကွန်ပြူတာအခမဲ့သင်ကြားပေး
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်းရှိ လူကြီးလူငယ်မရွေး ကွန်ပြူတာလေ့လာရန် ငွေကြေးမတတ်နိုင်၍ အခက်အခဲရှိသူများအတွက် ကွန်ပြူတာသင်တန်းကို အခမဲ့သင်ကြားပေးနေသည်ဟု ကယားပြည်နယ်မှ ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာခင်စည်သူက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

သူက “ကွန်ပျူတာခေတ်ဖြစ်တဲ့အတွက် တချို့ကပိုက်ဆံမတတ်နိုင်လို့ မသင်ရဘူးဆိုတာမဖြစ်အောင် ကျမတို့တော့ အခမဲ့ သင်ပေးတာ” ဟု ပြောသည်။

အခမဲ့ကွန်ပြူတာသင်တန်းအတွက် ထူးဖောင်ဒေးရှင်းနှင့် ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ပူးပေါင်းဆောင်ရွက်ပြီး ထူးဖောင်ဒေးရှင်းမှ ကျပ်ငွေသိန်း (၅၀) လှူဒါန်းထားကြောင်း ပြောသည်။

သင်တန်းကို ဖေဖော်ဝါရီ ၅ ရက်နေ့တွင် လွိုင်ကော်မြို့ ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဖွင့်လှစ်ပြီး ယခင် ၂၀၁၃ခုနှစ်တွင် အပတ်စဉ် ၂ ခုဖွင့်လှစ်ခဲ့ပြီးပြီဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ၁ လခွဲဖြစ်သည်ဟု သိရသည်။

၎င်းကွန်ပြူတာအခမဲ့သင်တန်းသို့ လာရောက်သင်ယူနေသည့် မလူစီးယာက “ပညာမတတ်တဲ့ သူတွေလည်း လာတက်လို့ ရတယ်ပေ့ါနော်။ ပညာတတ်မှပဲ ကွန်ပျူတာကိုင်ရတာ မဟုတ်ဘူးပေ့ါ။ ဒီခေတ်ကြီးထဲမှာ ဒီလိုအခွင့်အရေးပေးတယ်ဆို နိုင်ငံမှာရှိတဲ့ လူငယ်တွေအတွက်လည်းအများကြီး အထောက်အကူပြုတယ်” ဟုပြောသည်။
 
လာရောက်သင်ယူနေကြသူများမှာ လွိုင်ကော်မြို့ ၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့ရှိ ဒေသခံများဖြစ်ကြပြီး လွိုင်ကော်မြို့နှင့်ဝေးသည့် တခြားသောမြို့နယ်များအတွင်လည်း သွားရောက်ဖွင့်လှစ်သင်ကြားပေးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သို့သော်လျှပ်စစ်မီးအခက်အခဲရှိနေခြင်းကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။

လက်ရှိတွင် သင်တန်းသူ၊ သားများအယောက်(၃၀) ကျော် တက်ရောက်ပြီးသင်တန်းဆရာ၊မ (၃)ဦး ဖြင့် သင်ကြားပို့ချပေးနေသည်ဟု သိရသည်။