ဆန်မွန်းရာ (မြစ်ကြီးနား ဂျာနယ်) - ကချင်ပြည်နယ်၊ ချီဖွေမြို ့နယ်ရှိ ကျေးရွာပေါင်း (၁၀)ရွာခန့်နှင့် ယင်းမြို့နယ်တွင် မကြာမီ ကောက်ခံတော့မည့် သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး မည်သည့်သတင်း အချက်အလက်မှ မရရှိကြောင်း ဒေသခံများက ပြောသည်။
သက်ဆိုင်ရာက ရုပ်မြင်သံကြားမှ တဆင့် သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်ကို ထုတ်လွှင့်သော်လည်း ယင်းမြို့နယ်တွင် ရုပ်မြင်သံကြားမရှိခြင်းနှင့် တာဝန်ရှိသူများက အသိပညာပေးမှု
မရှိခြင်းတို့ကြောင့် ကျေးရွာနေပြည်သူများက သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး မည်သို့မည်ပုံကောက်ခံမည် ကိုပင် မသိကြောင်း ရွာသားများက ဆိုသည်။
“သန်းခေါင်စာရင်း ကောက်မယ်ဆိုတာဘဲ သိတယ်။ ဘယ်လိုကောက်မယ်။ ဘာအကြောင်းကောက်မယ်။ မေးခွန်းမေးမယ်ဆိုတာလည်း မသိဘူး။ ဘာမှမသိဘူး” ဟု ချစ်ဂေါရွာသား တစ်ဦးက ပြောသည်။
သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး ရွာ၏ အုပ်ချုပ်ရေးမှူးများလည်း တိကျသည့် သတင်းအချက်အလက်များ မရရှိပေဟု ဆိုသည်။
တရုတ် - မြန်မာ နယ်စပ်ဒေသဖြစ်သည့် ဖီမော်ရွာသားတစ်ဦးက “ ကျွန်မတို့က ကောက်မယ် ဆိုတာဘဲ သိတယ်။ မေးခွန်းမေးမယ်ဆိုတာ မသိဘူး”ဟု ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ ဦးစိုးနောင်က “ကျွန်တော်တို့ အနေနဲ့ကတော့ သက်ဆိုင်ရာအဖွဲ့အစည်းများရဲ ့ အကူအညီနဲ့ လုပ်ဆောင်သွားမှာပါ”ဟု နယ်စွန်နယ်ဖျားရှိ မြို့နယ်သို့
အသိပညာပေး လုပ်ဆောင်သွားမည့်အကြောင်း ပြောသည်။
ချီဖွေမြို ့သည် ကချင်ပြည်နယ် အေ့ရှပိုင်းတွင် တည်ရှိပြီး အဆိုပါကျေးရွာများသို့ ရောက်ရှိရန် မြစ်ကြီးနားမြို ့မှ မိုင်ပေါင်း(၂၀၀)ခန့် သွားရကာ ကျေးရွာတစ်ရွာလျှင် အိမ်ခြေ (၅၀)ခန့်ရှိပြီး တစ်ချို့ ကျေးရွာများမူ အိမ်ခြေ(၂၀)ခန့်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ပြေးဆွဲသည့် လိုင်းကားများမရှိပေ။