ချမ်းစွန်း(ရွှေဟင်္သာသတင်းဌာန)။ ။၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရေးအစီအစဉ်တွင် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် လူဦးရေများကိုလည်း ထည့်သွင်းကောက်ခံသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လူဝင်မှုကြီး ကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရဲထွန်းက ပြောသည်။
ဦးဝင်းရဲထွန်းက “တရားဝင် သွားနေတဲ့ လူတွေကတော့ ကောက်ရတာ မခက်ပါဘူး သူတို့တွေကိုအိမ်သား တွေက ဘယ်သူ ဘယ်ဝါတွေ ဘယ်ကို သွားနေလဲဆိုတာထည့်ပြောပေးရမယ်၊ အလားတူပဲ တရားမဝင်သွား နေတဲ့ သူတွေ ကိုလည်း သက်ဆိုင်ရာမိသားစု၊ဆွေမျိုး၊ အိမ်နီး နားချင်းတွေက ကျနော်တို့မေးမြန်းတဲ့အခါမှာ
ထည့်ပြောပေးဖို့ အရေးကြီးပါတယ်၊ ဒါမှမဟုတ်ရင် သူတို့စာရင်းတွေ ကျန်ခဲ့ပါမယ်”ဟုပြောသည်။
မွန်ပြည်နယ်အတွင်း နိုင်ငံရပ်ခြားသို့ တရားဝင်သော်၎င်း တရားမဝင်သော်၎င်းသွားရောက်လုပ်ကိုင်နေသူ တစ်သန်းခွဲရှိမည်ဟု ပြည်နယ်အစိုးရခန့်မှန်းထားသည့် အတွက် သက်ဆိုင်သည့် မိသားစုဝင်၊ ဆွေမျိုး၊
အိမ်နီး နားချင်းများမှ စာရင်းကောက်ယူရာတွင် ထည့်သွင်းပြောကြားပေးရန်လိုအပ်ကြောင်း ဆိုသည်။
ချောင်းဆုံမြို့နယ် ကမာမိုရွာမှ နိုင်ငံရပ်ခြားသို့သွားရောက်အလုပ်လုပ်ကိုင်ရာနေသည့် သားနှစ်ယောက် မိခင် ဒေါ်မေသျှမ်းက“အကောင်းသဘောနဲ့လာမေးရင်နိုင်ငံရပ်ခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာကိုအမှန် အတိုင်းထည့်သွင်းပြောပေးမှာပါ” ဟု ပြောသည်။
ထိုသို့နိုင်ငံခြားသို့တရားမဝင်သွားရောက်နေသည်ကို ပြောဆိုမိသည့်အတွက် အာဏာပိုင်များမှအကြပ်ကိုင်ခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ မတရားငွေတောင်းခြင်း စသည့်မသမာမှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာတာဝန်ရှိ သူများထံသို့ တိုင်ကြားနိုင်ကြောင်း ဦးဝင်းရဲထွန်းကဆိုသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၉) ရက်တွင် အတည်ပြုထားသည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဥပဒေ အရ ၎င်းအချက်အလက်များပေါက်ကြားမှုမရှိစေရေးနှင့် တစ်ဦးချင်းစီ၏ ပုဂ္ဂလိကအချက်အလက်များ လုံခြံုမှုရှိစေရေး အတွက် ဥပဒေပုဒ်မ (၁၇) ဖြင့် အကာအကွယ်ပေးထားသည်ဟု သိရသည်။
အထူးသဖြင့် ၄င်းဥပဒေပါပုဒ်မ (၁၄) နှင့် (၁၅) တို့အရ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ တာဝန်ရှိ ဝန်ထမ်းများမှအပ ထိုအချက်အလက်များကို ကူးယူခြင်း ၊ စစ်ဆေးခြင်း မပြုလုပ်နိုင်စေရန် တားမြစ်ထားပြီး၊ မသမာမှု မမှန် မကန်မှု ပြုလုပ်သည့်စာရင်းကောက်ဝန်ထမ်း များကိုလည်း သက်ဆိုင်ရာပြဌာန်းဥပဒေ များအတိုင်းအရေးယူနိုင်ရေးအတွက် ဥပဒေပြဌာန်းထားပြီး ဖြစ်ကြောင်း ဦးဝင်းရဲထွန်းက ဆိုပါသည်။
မွန်ပြည်နယ် တစ်ပြည်နယ်လုံး၌ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း (၃၀၀၀) ကျော်ရှိပြီး ၎င်းကောက်ကွက် များအား စာရင်းကောက်ရာတွင် ပညာရေးဝန်ထမ်းများ၏ လုပ်အားကိုအသုံးပြုသွားမည်ဟု သိရသည်။