နယ်လှည့်ပါးရိုက်သည်ဆိုသည့် ဝန်ကြီးစကားအပေါ် မကျေနပ်သူများဆန္ဒထုတ်ဖော်

နယ်လှည့်ပါးရိုက်သည်ဆိုသည့် ဝန်ကြီးစကားအပေါ် မကျေနပ်သူများဆန္ဒထုတ်ဖော်
by -
မဇ္ဈိမ

နယ်လှည့်ပါးရိုက်ခဲ့သည်ဟုဆိုသည့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ စကားရပ်အပေါ် မကျေနပ်၍ ဒီမိုကရေစီအင်အားစုဆိုသူများအင်အား ၂၅ ဦးခန့်ဖြင့် ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့မဟာဗန္ဓုလ ပန်းခြံအနီးရှိ တရားလွတ်တော် ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နိုင်ငံရေးအင်အားစုများနှင့် ပြည်သူကို အာဏာအားကိုးဖြင့် ခြိမ်းခြောက်နေသော အစိုးရခေါင်းဆောင်များ အလိုမရှိ၊ သမ္မတကြီး၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အနှောက်အယှက် ဖြစ်အောင် ပြည်သူကို စော်ကားပြောဆိုနေသော ဝန်ကြီးများကို အရေးယူပေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးကို နှောက်ယှက်နေသော အစိုးရဝန်ကြီးများ ချက်ချင်းနှုတ်ထွက် စာတန်းများကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။

“ခွင့်ပြုချက်မယူပါဘူး။ ပါးရိုက်ခံဖို့ စောင့်နေတာ ပါမစ်တင်စရာ မလိုဘူး။ နယ်တကားလှည့်ပြီး ပါးရိုက်ခဲ့တာလို့ ပြောခဲ့တဲ့အတွက် ဆန္ဒပြတဲ့ ရည်ရွယ်ချက်က ပါးရိုက်ခံတဲ့ ရည်ရွယ်ချက်ပါ။ ဒါကြောင့် ပါးရိုက်ခံရအောင် စောင့်စားတာပါ”ဟု ဒီမိုကရေစီအင်အားစု ဦးဘမြင့်က ပြောသည်။

ဦးဘမြင့်က “ဝန်ကြီးတိုင်းထဲမှာ ဒီလိုအပြောမျိုး အဆိုမျိုးတွေဟာ စျေးသည်ထက် အများကြီး အဆင့်အတန်း နိမ့်တယ်လို့ ပြောချင် ပါတယ်။ ဝန်ကြီးအနေနဲ့ ဒါမျိုးတွေကို နောက်နောင် မပြောစေချင်ဘူး။ ဝန်ကြီးရဲ့ ခေါင်းထဲကို ငါလည်းပြည်သူပဲလို့ ထည့်ပေးပါ။ သူက တောင်သူလယ်သမားတွေ ကြားထဲမှာ ပြောတာလေ။ နိုင်ငံရေးသမားတွေရဲ့ စကားလုံးပါ သုံးထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက Unity အပတ်စဉ်ထုတ် ဂျာနယ်၏ မျက်နှာဖုံးသတင်းအဖြစ် ဦးအုန်းမြင့် ပြောစကား သတင်းကို ဖော်ပြခဲ့ပြီး အဆိုပါ ပြောဆိုချက်တွင် မည်သည့် နိုင်ငံရေးသမားကိုမျှ ဂရုမစိုက်၊ အားလုံးထောင်ထဲ ပို့ပစ်နိုင်သည်၊ နယ်တကာလှည့်ပြီး ပါးရိုက်လာသည်ဟု ပြောဆိုခဲ့ပြီး လူမှုကွန်ရက်များအတွင် ပြန့်နှံ့ခဲ့သည်။

Most read this week