တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အပစ်ရပ်မူကြမ်းအတည်ပြုပြီ

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အပစ်ရပ်မူကြမ်းအတည်ပြုပြီ
by -
မဇ္ဈိမ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံနောက်ဆုံးရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်ညီလာခံကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ KNU တပ်မ ဟာ ရ လော်ခီးလာ (ခေါ်) လေးဝါးစခန်းတွင် ဇန်နဝါရီလ ၂၀ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့ခြင်းပြီး အဖွဲ့ ၁၈ဖွဲ့ တက်ရောက်ခဲ့သည်။

ယင်းသို့ တိုင်းရင်းသားများ၏ အပစ်ရပ်မူကြမ်းကို အတည်ပြုလိုက်ပြီဖြစ်သော်လည်း ဖက်ဒရယ် စစ်တပ်ဖွဲ့စည်းခြင်းဆိုင်ရာဆွေးနွေးခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးကိစ္စကို အစိုးရနှင့် ဆက်လက်ဆွေး နွေးမည်ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားများဘက်မှ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UWPC)တို့ ဇန်နဝါရီလ ၂၉ ရက်တွင် တွေ့ဆုံကာ မူကြမ်းနှစ်ခုကို ထပ်မံ ဆွေးနွေးမည်ဖြစ်ပြီး ဘားအံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တွေ့ဆုံမည်ဖြစ်သည်။ တွေ့ဆုံမည့်နေရာကိုမူ မသိရှိရသေးပေ။

အတည်ပြုလိုက်သည့် တိုင်းရင်းသားအဖွဲ့တို့၏ မူကြမ်းကို ၂၀၁၃ခုနှစ် အောက်တိုဘာ ၃၁ရက်မှ နိုဝင်ဘာ ၃ ရက်အထိပြုလုပ်ခဲ့သည့် လိုင်ဇာညီလာခံတွင် သဘောတူညီချက်ရရှိခဲ့ပြီး ယခုတစ်ကြိမ် ညီလာခံတွင် အတည်ပြုနိုုင်ခဲ့ခြင်းဖြစ်သည်။

Most read this week