နိုင်ငံရေးလှုပ်ရှားသူ ဒေါ်ဘောက်ဂျာ လွတ်မြောက်ပြီ

နိုင်ငံရေးလှုပ်ရှားသူ ဒေါ်ဘောက်ဂျာ လွတ်မြောက်ပြီ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) မှ ဒေါ်ဘောက်ဂျာကို ယနေ့ ၂၄ ရက်တွင် တရားရုံးအမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ပုဒ်မ ၃ ခုဖြင့် စွဲဆိုထားရာမှ ဆေးထိုးအပ်ကိုင်မှု ပုဒ်မ ၃၃ တွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်ပြီး ကျန်အမှုများ တွင် အပြစ်မရှိကြောင်း ဖားကန့်မြို့နယ် တရားရုံးကသောကြာနေ့ နေ့လည် ၁၂ ခွဲချိန်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်ဘောက်ဂျာ အား ဖားကန့် တရားရုံးသို့ ခေါ်လာစဉ်။

“ပုဒ်မ ၃ ခုဖြစ်တယ် အဲဒီထဲက ယစ်မျိုး ၃၃ ပုဒ်မ က အကျလို့ သူတို့လုပ်ပေးတယ်၊ သူတို့က ကွင်းလုံးကျွတ် လုပ် ပေးတော့ သူတို့ကို တရားပြန်စွဲလာမှာကိုကြောက်လို့ထင်တယ် အမှုတခုကိုညှိအောင်လုပ်ပေးတာဟုတ် တယ်၊ ဒေါ်ဘောက်ဂျာကအခုအပြင်ထဲမှာ ရောက်နေပြီ” ဟု ဖားကန့် NDF ပါတီအတွင်းရေးမှူး ဒေါ် ဒိုင်စေး KNG ကချင်သတင်းဌာန သို့ပြောသည်။

ဒေါ်ဘောက်ဂျာ ကို ၂၀၁၃ ဇူလိုင်လ ၁၈ နေ့ညနေက မြစ်ကြီးနားမြို့ သူမနေအိမ် (NDF ပါတီရုံး) မှ ဖားကန့် ရဲစခန်းသို့ ဖမ်းဆီးခေါ်သွားခြင်းဖြစ်ပြီး ဖားကန့်မြိုနယ် တရားရုံးက ဒေါ်ဘောက်ဂျာအား လူသေမှု ပုဒ်မ ၃၀၄ (က)၊ ဆေးထိုးအပ်ကိုင်သည့်အမှု ပုဒ်မ ၃၃ နှင့် မြန်မာနိုင်ငံဆေးဝါးအက်ဥပဒေ အထူး ပုဒ်မ ၄၁ ကို တရားလို ရဲအုပ်ကျော်မြဝင်း အမှုစွဲဆိုလိုက်ခြင်းဖြစ်သည်။

NDF ပါတီ၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာအား စွဲဆိုထားသည့်အမှုများကို တရားစီရင် အမိန့်ချ မှတ်ခြင်း မရှိကြန့်ကြာနေခြင်းကြောင့် အချုပ်ခန်းတွင် ၆ လနီးပါး အချုပ်ကျခံခဲ့ကြောင်းသိရှိရပါသည်။

ဒေါ်ဘောက်ဂျာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဖားကန့်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လူကြိုက်များခဲ့သူ ဖြစ်သည်။

ဟူးကောင်းဒေသက မြေအသိမ်းခံရသော ဒေသခံများအတွက် ဆောင်ရွက်ခဲ့သောကြောင့်လည်း အစိုးရမှ မျက်မုန်းကျိုးမှု ခံရသူ အဖြစ် အများက အသိအမှတ်ပြုထားသူ ဖြစ်သည်။

ဇန်နဝါရီလဆန်းပိုင်း၌ သမ္မတဦးသိန်းစိန် ထုတ်ပြန်ခဲ့သော နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွင် အမျိုး သားဒီမိုကရေစီအင်အားစု NDF ပါတီ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ အမှုပါဝင်သက်ဆိုင်ခြင်းမရှိခဲ့ ပါ။

Most read this week