မှတ်ပုံတင်ပြုလုပ်သူများ ကျပ်သိန်းဂဏန်းအထိပေးဆောင်ရ

မှတ်ပုံတင်ပြုလုပ်သူများ ကျပ်သိန်းဂဏန်းအထိပေးဆောင်ရ
by -
သျှမ်းသံတော်ဆင့်

 နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ကဒ်ပြားမရှိသေးသူသျှမ်းပြည်သားများ မှတ်ပုံတင် ပြုလုပ်ရန်အတွက် ငွေကျပ်သိန်းဂဏန်းအထိ ပေးဆောင်နေရကြောင်း သျှမ်းသံတော်ဆင့်က စုံစမ်း သိရှိရသည်။

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စုများတွင် မှတ်ပုံတင်လုပ်ချိန် မဟုတ်သဖြင့် ကျပ်ငွေ တစ်သိန်းပေးမှသာ လုပ်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိပုဂ္ဂိုလ်များ တောင်းဆိုသဖြင့် မှတ်ပုံတင်ပြီးစီးသည်အထိ ကျပ်ငွေ ၂ သိန်းဝန်းကျင် ကုန်ကျကြောင်း ကျိန်းခမ်းအုပ်စုမှ နန်းအွမ်က ပြောသည်။

နမ္မတူမြို့ မိုင်းမုအုပ်စုသားများအား မှတ်ပုံတင်လုပ်ပေးနေပုံ
“ကျမ ငယ်ငယ်ကတည်းက မိဘတွေနဲ့အတူ ထိုင်းနယ်စပ်ကိုထွက်ပြေးရတာလေ ။ အခုအခြေအနေမှာ အိမ်ပြန်မှတ်ပုံတင်လုပ်ရင် အခြေအနေအကောင်းဆုံးလို့ ပြောကြတော့ ကျမရွာပြန်ပြီးမှတ်ပုံတင်လုပ်တာ။ ပိုက်ဆံအများကြီးမကုန်ဘူးလို့ပြောကြတာကိုး။ ဟိုက အာဏာပိုင်တွေက မှတ်ပုံတင်လုပ်ချိန်မဟုတ်သေး လို့တဲ့။ ကျမကို တစ်သိန်းပေးမှ လုပ်ပေးမယ်ဆိုတော့ ပေးလိုက်ရတယ်။ တစ်သိန်းအပြင်မိတ္တူကူးခတဲ့ ဝန်ဆောင်ခတဲ့ ဘာညာထပ်တောင်းသေးတယ်။ တစ်သိန်းကျော်ကုန်သွားတယ်”  ဟုဆိုပါသည်။
 
 ရလခတိုင်းရုံးအခြေစိုက် ခိုလမ်မြို့နယ်ခွဲတွင်မူ ထိုင်းနိုင်ငံမှ နေရပ်ပြန်မှတ်ပုံတင် ပြုလုပ်သည့်  ဒေသခံများအား ကျပ်ငွေ ရ သောင်းမှ တစ်သိန်းအထိ တောင်းယူကြောင်း၊ တောင်းဆိုသည့်အတိုင်းမပေး ပါကလည်း မှတ်ပုံတင် မလုပ်ပေးကြောင်း ခိုလမ်ရောက်စိုင်းခေးကဆိုသည်။
 
သို့သော် နမ္မတူမြို့နယ် မံစံ မိုင်းမုအုပ်စုဝင်  မိုင်းမု၊ နောင်ငင်း၊ နားဟုတ်၊ မန့်မိန်း၊ ဆာမ်ခါ၊ ကောင်းဟုန်း လုံမိတ်၊  ဝမ့်ပုံ အစရှိ ရွာများမှ ရွာသားများ မှတ်ပုံတင်မရှိသေးသူများ၊ မှတ်ပုံတင် ၊  အိမ်ထောင်စုစာရင်း စုတ်ပြတ် ဟောင်းနွမ်း နေသူများကို ကျားဖြူပါတီ၏ လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ဦးဆောင်ကာ အသစ်လဲပေးခြင်း၊ အသစ်လုပ်ပေးခြင်း ကြောင့် ဒေသခံများ အဆင်ပြေနေကြောင်း ဆိုပါသည်။
 
 “နမ္မတူမြို့နယ်ဘက်မှာ ကျားဖြူပါတီကိုယ်စားလှယ် နန်းခမ်းအေးကနေ လဝက အရာရှိတွေနဲ့ ချိတ်ဆက် ပေးပြီးတော့ မိုင်းမုအုပ်စုထဲက ဒေသခံတွေကိုမှတ်ပုံတင်လုပ်ပေးတယ်။ မွေးစာရင်း ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း တမျိုးကို ငွေတထောင်ကျပ်စီ တောင်းတယ်။ ဒေသခံတွေပျော်တာပေါ့။ အရင်တုန်းက လုပ်ချင်ရင် ငွေကုန်အချိန်ကုန်လူပမ်းလေ” - ဟု နမ္မတူသား စိုင်းခမ်းက ပြောသည်။

အစိုးရသတ်မှတ်ထားသည့်ဈေးနှုန်းအရ နိုင်ငံသားစိစစ်ရေးကဒ်ပြားလုပ်ဆောင်ကြေး ကျပ်ငွေ ၆ ကျပ်သာ ပေးဆောင်ရ မည်ဟု ဆိုသည်။ လက်ရှိတွင် မှတ်ပုံတင်လုံးဝ မရှိသေးသည့် သက်ပြည့်များ သျှမ်းပြည်တွင် အများအပြား ရှိနေပါသေးသည်ဟု ကျားဖြူပါတီဝင်များကပြောသည်။
 
 လာမည့် မတ်ခ်ျလ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်အတွင်း တနိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ရာ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းမရှိသေးသူများ၊ နယ်စပ်ရောက် ထိုင်းရောက်သူများ စားရင်းကျကျန်မည်စိုးသဖြင့် နေရပ်ပြန်မှတ်ပုံတင်လုပ်ကြရာတွင် ထိုသို့သောငွေကြေးအဆမတန်တောင်းခံ ရခြင်းကြောင့် လမ်းစရိတ်ငွေကြေး မလုံလောက်ဖြစ်ကြရကြောင်း ဆိုကြပါသည်။