နိုင်ငံတော်အစိုးရမှ တနိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်းစာရင်းကောက်ခံမည့်ကိစ္စအပေါ် အနီး ကပ် လေ့လာ စောင့်ကြည့်ရန် ချင်းနိုင်ငံရေးပါတီများ နှင့် ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး “၂၀၁၄ သန်းခေါင်စာရင်း ဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ” ကို ဖွဲ့စည်းလိုက်ကြသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိူးသားပါတီ၊ အရှိုချင်းအမျိူးသားပါတီ၊ တိုင်းရင်းသား လူမျိူး များဖွံ့ဖြိုးရေးပါတီ နှင့် ချင်းလူမှုအဖွဲ့အစည်းများက ဇန်နဝါရီလ ၁၄ ရက်နေ့၌ ရန်ကုန်မြို့ ညီနောင် တိုင်းရင်းသားများ ဖယ်ဒရယ်ရေးရှင်းရုံးတွင် အလုပ်ရုံဆွေးနွေးပွဲတခုပြုလုပ်ပြီး ယခုကဲ့သို့ ဖွဲ့စည်း လိုက်ကြခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီထဲတွင် ချင်းနိုင်ငံရေး ပါတီများမှ (၆) ဦး ၊ ချင်းလူမှုအဖွဲ့အစည်းများ (၁၀) ဦး နှင့် တသီးပုဂ္ဂလမှ (၅) ဦးပါ၀င် ရန် ဆုံးဖြတ်ခဲ့ကြပြီး ကော်မတီတွင် ပါ၀င်မည့် ပုဂ္ဂိုလ်များကို ယခုလ (၂၁) ရက်နေ့တွင် ပြန်လည် ကျင်းပမည့်အစည်းအဝေးတွင် အပြီးသတ်ရွေးချယ်သွားမည်ဟု ချင်းအမျိူးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။
“ အဓိကတော့ သန်းခေါင်စာရင်း ကောက်ယူရေး နဲ့ ပတ်သက်လို့ ချင်းအမျိုးသားအကျိုးစီးပွား ထိခိုက်နိုင်တဲ့ အနေ အထားမျိုးကို မေးခွန်းလွှာထဲမှာသော်လည်းကောင်း အစိုးရရဲ့ လုပ်ဆောင် မှုတွေမှာသော်လည်းကောင်း သံသရဝင် စရာတွေ အများအပြားတွေ့ရတယ်၊ အဲဒါတွေ ကို ထောက်ပြပြီး လူထုလက်မှတ်ကောက်ယူတဲ့ အစီအစဉ် (Signature campaign) လိုဟာ မျိုးတွေလုပ်ဆောင်ပြီး အစိုးရထံတင်ပြတောင်းဆိုမှုတွေ လုပ်သွားဖို့ရှိတယ်၊ နောက်ပြီး ဒီသန်းခေါင် စာရင်းကောက်ယူမှုနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေရဲ့လုပ်ရပ်ကို အနီးကပ် လေ့လာစောင့်ကြည့် သွားမှာ’’ ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင် လူမျိူးဆိုသည့်နေရာမှာ ချင်းတမျိူးသားလုံးအနေဖြင့် “ချင်း” ဆိုသည့် အမည်ကို အသုံးပြုကြရန် လူထုစည်းရုံးလှုံ့ဆော်မှုများကိုလည်း ယင်းကော်မတီက လုပ်ဆောင်သွားမည်ဟု သူကဆက်ပြောသည်။
“ သန်းခေါင်စာရင်း နဲ့ ပတ်သက်လို့ ချင်းလူထုတွေအားလုံး ဘုံရပ်တည်ချက်ရရှိနိုင်ဘို့၊ အထူးသဖြင့် “လူမျိူး” ဆိုတဲ့ ကွက်လပ်ဖြည့်ဖို့နေရာမှာ ချင်းအားလုံးက အားလုံးသဘောတူညီချက်ရှိပြီး၊ အချိတ်အဆက်မိမိနဲ့ထည့်သွင်းနိုင်ဖို့ လူထုစည်းရုံးရေးတွေ၊ သင်တန်းတွေ၊ ဆွေးနွေး ပွဲတွေ၊ ဝေစာဖြန့်တာတို့လုပ်ဆောင်သွားမှာပါ’’ ဟု ကျဲအိုဘိခ်ထောင် ကပြောသည်။
နိုင်ငံတော်အစိုးရက ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုကို၂၀၁၄ ခုနှစ် မတ် ၃၀ မှ ဧပြီ ၁၀ ရက် အထိ ၁၂ ရက်ကြာ ကောက် ယူမည်ဟု တရားဝင် ကြေညာထားပြီးဖြစ်သည်။
အစိုးရ၏ စာရင်းသတ်မှတ်ထားချက်အရ လူမျိူးပေါင်း(၅၃) မျိူးရှိသော ချင်းလူမျိူးများအနေဖြင့် သန်းခေါင်းစာရင်း ကောက်ယူရာ၌ မျိူးနွယ်စုအမည်များကို အသုံးမပြုဘဲ “ချင်း” ဆိုသော အမျိူး သားအမည်နာမကိုသာ အသုံးပြုကြရန် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နို၀င်ဘာလ ၁၂ မှ ၁၅ ရက်နေ့အထိ ဟားခါးမြို့တွင် ကျင်းပသော ဒုတိယအကြိမ် ချင်းအမျိုး သားညီလာခံတွင် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်လည်း ဇိုမီး ဒီမိုကရေစီအဖွဲ့ချူပ် (Zomi Congress for Democracy- ZCD) က ဇိုမီးမျိူးနွယ်စုများအနေဖြင့် သန်းခေါင်းစာရင်းတွင် ဇိုမီး ဆိုသည့်အမည်နာမကိုသာ အသုံးပြု ရန် နှင့် ဇိုမီး ကို တိုင်းရင်းသားလူမျိူးအဖြစ် အသိအမှတ်ပြု ရန် နိုင်ငံတော် အစိုးရကို တောင်းဆို ထားသည်။
ထို့အပြင် (ZCD) က ဇိုမီးလူငယ်အဖွဲ့ပေါင်း ၂၄ ဖွဲ့ကို ဖွဲ့စည်းပြီး ချင်းတိုင်းရင်းသားများ အများ ဆုံးနေထိုင်သည့် ချင်းပြည်နယ် နှင့် အခြားနယ်ဒေသများတွင်လည်း ဇိုမီး ကိုအသုံးပြုရန် လိုက်လံ ရှင်းပြသွားမည်ဖြစ်ကြောင်း ၂၀၁၃ နှစ်ကုန်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ တီးတိန်နှစ်ခြင်း ခရစ်ယာန်အသင်းတော်-(ရန်ကုန်)တွင် ကျင်းပပြုလုပ် သော “ဇိုမီးလူမျိုးနဲ့ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း” ဆိုသည့် ဆွေးနွေးဟောပြောပွဲတွင် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZCD) အထွေထွေ အတွင်းရေးမှူး ဦးဂင့်ကမ်းလျန် က ပြောကြားခဲ့သည်။
အလားတူ ချင်းအနွယ်ဝင်တခုဖြစ်သော ကူကီးမျိူးနွယ်စုများကလည်း သန်းခေါင်းစာရင်းကောက် ယူသည့်အချိန်တွင် နိုင်ငံတော်အစိုးရမှ ကူကီးတိုင်းရင်းသားကို လူမျိုးစုတစ်စုအဖြစ် သီးခြားကောက်ခံပေးရန် ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးက မကြာသေးခင်က တောင်းဆိုထားသည်။
နိုင်ငံတော်အစိုးရမှ စီစဉ်ဆောင်ရွက်နေသည့် သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်တွင် တိုင်းရင်းသားမျိူးနွယ်စုများအကြား နားလည်မှုလွဲမှားမှုများဖြစ်ပေါ်လာနိုင်ကြောင်း ဆလိုင်း ကျဲအိုဘိခ်ထောင်က ပြောသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းသည် တိုင်းရင်းသား လူမျိုးများ စာရင်း ပြုစုခြင်း ( သတ်မှတ်ခြင်း ) နှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိကြောင်း ယင်းသတ် မှတ်ရေးအတွက် သီးခြားအစီအစဉ် သို့မဟုတ် နောက်ဆက်တွဲ အစီအစဉ် တစ်ခု ပြုလုပ်သွား မည်ဟု အတိအလင်း ကြေညာသင့်သည်ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ထောက်ပြထားသည်။
ယင်းသို့ကြေညာခြင်းမပြုလုပ်ဘဲ ယခုလိုမရှင်းမလင်းပြုလုပ်ပါက သို့မဟုတ် အဆိုပါ သန်းခေါင် စာရင်းဖြည့်စွက်ချက် အဖြေကို အဓိကအခြေခံပြီး လူမျိုးနှင့် မျိုးနွယ်စု စာရင်းသတ်မှတ်မည်ဆိုပါက တိုင်းရင်းသားလူနည်း စုဒေသများတွင် ကိုင်တွယ်ရန် ခက်ခဲသော ပြသနာများပေါ်ပေါက်နိုင် သည်ဟု ၎င်းကဆက်လက်ထောက်ပြထားသည်။
အကယ်၍ ယင်းသို့ပြုလုပ်နိုင်ခြင်းမရှိပါက အခြား option- တခု အနေဖြင့် တိုင်းရင်းသားဒေသ များတွင် သန်းခေါင် စာရင်းကောက်ယူခြင်းကို သုံးလခန့် ရွေ့ဆိုင်းပြီး သက်ဆိုင်ရာ Stakeholder များနှင့် လုံလောက်သော ဆွေးနွေးတိုင်ပင်ညိုနှိုင်းမှု များပြုလုပ်သင့်သည်ဟု ဆလိုင်းက ပြောဆိုထားသည်။