Eleven Media Group ၏ သတင်းထောက် မနော်ခိုင်ခိုင်အေးချိုကို ထောင်ဒဏ်ချမှတ်ခြင်းကြောင့် ဇန်နဝါရီ ရ ရက်က ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သည့် မန္တလေးအခြေစိုက် အယ်ဒီတာနှစ်ဦးကို ဇန်နဝါရီ ၈ ရက်က အောင်မြေသာဇံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သောအဖွဲ့က ခေါ်ယူ သတိပေးခဲ့သည်ဟု မန္တ- လေးခေတ် အယ်ဒီတာ ကိုမင်းဒင်က မဇ္စျိမကို ပြောသည်။
“နောက်နောင် ယခုကဲ့သို့ ပြုလုပ်မည်ဆိုပါက တရားဝင်စာတင်ဖို့ရယ် ပါဖောမန့် ပြုလုပ်မယ်ဆိုရင် လူစု လူဝေးရှိရာနေရာဖြစ်တဲ့အတွက် ဥပဒေဘောင်အတွင်းမှ စည်းကမ်းတကျ လုပ်ဆောင်ဖို့အတွက် ခေါ်ယူ သတိပေးခံခဲ့ရတာပါ”ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ခဲ့သည့် အယ်ဒီတာနှစ်ဦးကို ၆၈ လမ်း၊၂၄ လမ်းရှိ ပြည်ကြီးကျက်သရေ ရပ်ကွက်ရုံးတွင် ခေါ်ယူတွေ့ဆုံ သတိပေးခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့ခံ သတင်းထောက်များက ဇန်နဝါရီ ရ ရက် နံနက်တွင် အိုးဘိုထောင်သို့ လမ်းလျှောက် ဆန္ဒပြခဲ့ကြ ပြီး မဟာမုနိဘုရားကြီးတွင် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါနေ့တွင် ရန်ကုန်မြို့တွင် မြန်မာ ဂျာနယ်လစ်ကွန်ရက်၏ ဦးဆောင်မှုဖြင့် သတင်းထောက်များ၊ အယ်ဒီတာများနှင့် အဖွဲ့အစည်းအချို့ပါ၀င် ကာ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီရုံးရှိရာ မြို့တော်ခန်းမရှေ့မှ တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်းလမ်း Eleven Media Group ရုံးသို့ အင်အား ၁၅၀ ခန့်က ကြွေးကြော်ခြင်း၊ ဆိုင်းဘုတ်များ ကိုင် ဆောင်၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။
လွိုင်ကော်မြို့မှ နယ်သတင်းထောက်ဖြစ်သူ မခိုင်(ခ)မနော်ခိုင်ခိုင်အေးချိုကို ဒီဇင်ဘာ ၁၇ ရက်တွင် ပိုင်နက်ကျူးလွန်မှု ပုဒ်မ - ၄၅၁၊ အသရေဖျက်မှုပုဒ်မ ၅၀၀နှင့် ညစ်ညမ်းစွာပြောဆိုမှု ပုဒ်မ-၂၉၄(ခ)တို့ အရ တစ်ပေါင်းတည်း ထောင်ဒဏ်သုံးလ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။