နိုင်ငံရေးလုပ်ငန်းစဉ်များ အလွတ်သဘော ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေမှသာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် ပါတီချင်း ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီမှ ဒု-ဥက္ကဋ္ဌ ဦးစိုင်းဆောင်စီက ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
လာမည့် ဒီဇင်ဘာ ရ၊ ၈၊ ၉ ရက်များတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၏ သုံးကြိမ် မြောက် ပါတီညီလာခံ ကျင်းပမည်ဖြစ်ပြီး ပါတီပူးပေါင်းရေးကို အခန်းကဏ္ဍတစ်ခုအနေဖြင့် ထည့်သွင်း ဆွေးနွေးမည်ဖြစ်သော်လည်း ဆုံးဖြတ်ချက်ချခြင်းကိုမူ ပြုလုပ်သွားဦးမည်မဟုတ်ပေ။
“ပါတီချင်း ပူးပေါင်းတာထက် လုပ်ဆောင်ချက်ခြင်း ပူးပေါင်းတာက ပိုထိရောက်မယ်လို့ထင်တယ်၊ တိုင်း ရင်းသားပါတီချင်း တူတယ်ဆိုပေမယ့် ပါတီတစ်ခုချင်းစီရဲ့ နိုင်ငံရေးရပ်တည်မှုခြင်း မတူရင် ပူးပေါင်းဖို့ မလွယ်ကူဘူး”ဟု ဦးစိုင်းဆောင်စီက ဆိုသည်။
SNDP ပါတီတွင် လက်ရှိ လွှတ်တော်အသီးသီး၌ ရောက်ရှိနေသော လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၈ ဦးရှိသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါ SNDP တို့ ပူးပေါင်းရေးအတွက် SNDP က ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန်ကိစ္စကို ကမ်းလှမ်းခဲ့ကာ တွေ့ဆုံ ရန် SNLD မှ ပထမအကြိမ် ပျက်ကွက်ခဲ့သည်။
ထပ်မံ၍ SNLD မှ တွေ့ဆုံရန် ဒီဇင်ဘာ ၁၇ ရက်တွင် ထပ်မံကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပါတီနှစ် ခုပူးပေါင်းရေးအတွက် SNDP ၏အကြောင်းပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု SNLD ပါတီမှ အထွေ ထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။
“ဟိုဘက်ဒီဘက် အခက်အခဲမဖြစ်အောင်၊ ကိုယ့်ရှေ့က ပေါင်းသွားတဲ့ပါတီတွေရဲ့ အခက်အခဲကိုလည်း ကြည့်ရမှာပေါ့ မူဝါဒက ပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်နိုင်မယ်ဆိုရင် ပြင်သင့်တာတွေကို ပြင်ကြမှာပေါ့”ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။
အဆိုပါ ပါတီနှစ်ခုအနေဖြင့် ပူးပေါင်းရေးအတွက် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဝင် ငါးဦးစီပါ၀င်သော ကော်မ တီတစ်ရပ်ကိုလည်း ဖွဲ့ထားပြီးဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသားပါတီအချို့ ပူးပေါင်း လျက်ရှိရာ ရခိုင်ပါတီနှစ်ခုဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီတို့က ရခိုင်တိုင်းရင်းသားပါတီ ANP ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဖြစ် သည်။
ထို့အပြင် မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင်အချို့တို့ ပါတီသစ်တစ်ခုအဖြစ် ပူးပေါင်း ပြီး မွန်အမျိုးသားပါတီကို ဖွဲ့စည်းမည်ဟု သိရသည်။