လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစား တရားစီရင်ရေးမဏ္ဍိုင်မှန်ကန်စွာ ဆောင်ရွက်သင့်ဟုဆိ

လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစား တရားစီရင်ရေးမဏ္ဍိုင်မှန်ကန်စွာ ဆောင်ရွက်သင့်ဟုဆိ
by -
မဇ္ဈိမ

နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်မည့်အစား အမှုမစီရင်မီ တရားစီရင် ရေးမဏ္ဍိုင်မှ တာဝန်ရှိသူများအနေဖြင့် မှန်ကန်စွာ ဆောင်ရွက်သင့်သည်ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဇန်နဝါရီ ၂ ရက်က ပြောသည်။

ဇန်နဝါရီ ၂ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ၊ ဓညဝတီ သာသနာပြုကျောင်းတိုက် ဘုန်းကြီးကျောင်း တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ကိုရဲမင်းဦးနှင့် ရခိုင်တိုင်းရင်းသား မိသားစုများ တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဘဝတွေပျက် လူငယ်ဘဝတွေ ထောင်ထဲမှာ ကုန်ဆုံးစေပြီးမှ ပြန်လွှတ်မယ့်အစား၊ ထောင်မချခင် တရားစီရင်ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေ မှန်ကန် စွာ ဆောင်ရွက်သင့်တယ်”ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

ရခိုင်လူမျိုးဖြစ်သည့် ကိုရဲမင်းဦးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၃၁ ရက်က လွတ် မြောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဂုဏ်ပြုသည့်အားဖြင့် ရခိုင်လူငယ်အဖွဲ့က တွေ့ဆုံပွဲပြုလုပ်ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥပဒေကော်မရှင် ဦးသန်းမောင်ကလည်း “ရဲ မင်းဦး ထောင်ကျခဲ့တာဟာ မြန်မာနိုင်ငံ တရားစီရင်ရေးလောကရဲ့ဥပမာတစ်ခုပဲ၊ ထောင်ချတဲ့သူတွေကို အခုလက်ရှိဥပဒေနဲ့တင် ပြန်တရားစွဲဆိုလို့ ရပါတယ်”ဟု ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရဲမင်းဦးကို ၀ီရရဲမင်းဦးဟု ဂုဏ်ပြု ရေးသားထားပြီး ယင်းနှင့်ပတ်သက်၍ ဆရာ တော်ဦးဥတ္တမက “ရဲမင်းဦး ထောင်ကလွတ်လို့ သွားကြိုဆိုနေစဉ်မှာပဲ ဦးဝီရသူက ဖုန်းဆက်တယ်။ ဆိုင်း ဘုတ်တွေကိုပြောင်းဖို့ ဂုဏ်ပြုသောအားဖြင့် ၀ီရရဲမင်းဦးလို့ရေးဖို့ ပြောတယ်။ ဒါကြောင့် ပြောင်းလိုက် တာ”ဟု ပြောသည်။

ကိုရဲမင်းဦးသည် ၂၀၀၇ ခုနှစ်က တစ်ကြိမ် ဖမ်းဆီးခံရပြီး ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ် ပြန်လည်လွတ် မြောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၎င်းသည် နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၁၃ ခုနှစ် မတ်လအတွင်းက အရေးယူခံရပြီးနောက်၊ ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှုပုဒ် မ ၁၅၃(က)ဖြင့် ထပ်မံအရေးယူခံခဲ့ရသည်။

Most read this week