ပြည်လုံးကျွတ်သန်းခေါင်စာရင်း ရလာဒ် နိုင်ငံရေးအပြောင်းအလဲအပေါ် သက်ရောက်မှုရှိဟုဆို

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ရလာဒ် နိုင်ငံရေးအပြောင်းအလဲအပေါ် သက်ရောက်မှုရှိဟုဆို
by -
မဇ္ဈိမ

၂၀၁၄ခုနှစ် မတ်လ ၃၁ရက်တွင် ကောက်ခံမည့် ပြည်လုံးကျွတ် လူဦးရေသန်းခေါင်စာရင်း ကောက်ခံမှု၏ ရလာဒ်သည် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကို သက်ရောက်မှု ရှိနိုင်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အထောက်အပံ့ပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည့် ဥရောပ-မြန်မာရုံး(EBO)၏ ဒါရိုက်တာ ဦးဟန်ညောင်ဝေက မဇ္ဈိမကိုပြောသည်။

ထို့အပြင် သန်းခေါင်စာရင်ကောက်ခံသည့် လုပ်ငန်းစဉ်တွင် တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မှုများ၊ သဘောထားများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ဆိုသည်။

“ဒါက အရေးကြီးတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ဒီနေရာမှာ ကျေနပ်မှု မရှိရင် ပါဝင်မှု လျော့သွားနိုင်တယ်။ သန်းခေါင် စာရင်းကောက်တဲ့ နေရာမှာ လွဲနေ၊ ထွက်လာတဲ့ အချက်အလက်တွေက မှားနေတယ်ဆိုရင် အနာဂတ် တိုင်းပြည်အတွက် ဆိုးဝါးသွားနိုင်ပါတယ်။ အဲဒါ မကဘူး ဒီနိုင်ငံရေး ပဋိပက္ခ ပိုများလာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သန်ခေါင်စာရင်းကောက်တာ အရင်တုန်းက ဘယ်သူမှ ယုံကြည်မှု မရှိကြဘူး။ ဒီတခေါက်လည်း ဒီလို ဖြစ်သွားရင်တော့ ယုံကြည်မှုလည်း ပျက်သွားမယ်”ဟု ဦးဟန်ညောင်ဝေက ပြောသည်။

သန်းခေါင်စာရင်းကောက်ခံရာတွင် တိုင်းရင်းသား အဖွဲ့အစည်းများဘက်မှ နိုင်ငံသားဖြစ်ရေးနှင့်ပတ်သက်၍  အစိုးရဘက်မှ ခွဲခြားမည်၊ နိုင်ငံရေးအရ အခွင့်အရေး ဆုံးရှုံးသွားနိုင်မည်ကို စိုးရိမ်ပူပန်မှုများ ရှိနေပြီး သန်းကောင်စာရင်းကောက်အပြီးတွင် တိုင်းရင်းသားလူဦးရေ လျော့နည်းသွားပါက ရွေးကောက်ပွဲအတွက် လူဦးရေ လျော့နည်း နိုင်သည်ဟုဆိုကာ စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဦးဟန်ညောင်ဝေက ဆိုသည်။

ယင်းသို့ တိုင်းရင်းသားများအနေဖြင့် စိုးရိမ်မှုများကို သန်းခေါင်စာရင်း ကောက်ခံရာတွင် အဓိက ကူညီပေးမည့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)က သိရှိလိုသဖြင့် ဥရောပမြန်မာရုံး (EBO)က ဦးစီးကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ လူထုအခြေပြု အဖွဲ့အစည်းများပါဝင်သော ‘၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းကောင်စာရင်း ကောက်ယူရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’တစ်ရပ်ကို ဒီဇင်ဘာလ ၁၂ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

သို့သော် အလုပ်ရုံဆွေးနွေးပွဲသို့ UNFPAမှ တက်ရောက်နိုင်ခြင်းမရှိဘဲ မြန်မာနိုင်ငံကိုယ်စားလှယ် Ms Janet Jacksonက အွန်လိုင်းဗီဒီယို စနစ်တစ်ခုဖြစ်သည့် Skype ဖြင့် သန်းကောင်စာရင်း ကောက်ခံမှု အခြေအနေကို ရှင်းပြခဲ့သည်။ ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တက်ရောက်ရန် မူလက စီစဉ်ခဲ့သော်လည်း တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

“သန်းခေါင်စာရင်း ကောက်ယူမည့် အစီအမံ တခုလုံးကို သုံးနှစ်နှင့် ၁ဝ လကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး လာမည့် ၂ဝ၁၅ ခုနှစ်၌ လူဦးရေဆိုင်ရာ အခြေခံ အချက်အလက်များကို ထုတ်ပြန်ပေးနိုင်မည်ဖြစ်ကြောင်း” ဟု ၂၀၁၂ခုနှစ် ဇူလိုင်လက နိုင်ငံပိုင် သတင်းစာတွင် ကြေငြာခဲ့ပြီးဖြစ်သည်။

၂ဝ၁၄ ခုနှစ်၊ စတင်ကောက်ယူမည့် လူဦးရေ သန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် လေးဆင့်ခွဲ၍ ဆောင်ရွက်နေပြီး ကြိုတင် ပြင်ဆင်ခြင်း၊ စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာ ပြုစုထုတ်ပြန်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

Most read this week