ရွှေသူဌေး အကျဉ်းဦးစီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်ရင်းတပ်ဖွဲ့များမှ သိမ်းယူထားသည့် လယ် ယာမြေများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံ ငှားရမ်းထားသည့် ငါးကန်များကို မူလပိုင်ရှင်များထံ ပြန်လည်ပေး အပ်ရန်မြို့နယ် မြေယာ စီမံခန့်ခွဲရေးကော်မတီထံ တောင်းဆိုထား သည်ဟုမြေသိမ်းခံ လယ်သမားများက တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အလံစိုက်ပြီး လက်ညှိုးထိုး သိမ်းသွားတာ။ ဘာလျော်ကြေးမှ မပေးဘူး။ အဲဒီအချိန်တုန်းက လယ်သိမ်း ခံရတော့ လုပ်ကိုင်စားစရာ မရှိတော့လို့ စိတ်ဆင်းရဲပြီး လေးယောက်လောက်သေတာ။ နောက်တစ်ယောက် က စိတ်ညစ်ပြီး လျှောက်သွားတာ မြွေကိုက်ပြီးသေတာ တစ်ယောက်ရှိသေးတယ်”ဟု ရန်ကုန်တိုင်းစစ်ဌာန ချုပ်က လယ်ယာမြေနှင့်ပတ်သက်ပြီး အသိမ်းခံလယ်သမား ဦးကျော်လင်းအောင်က မဇ္ဈိမကို ဒီဇင်ဘာ ရ ရက်နေ့တွင် ပြောသည်။
ရွှေသူဌေး အကျဉ်းဦးစီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်ရင်းတပ်ဖွဲ့မှ လယ်ယာမြေများကို ၁၉၇၅ ခုနှစ်က စတင်သိမ်းဆည်းပြီး ၁၉၉၅ ခုနှစ်အထိ သိမ်းယူခဲ့သည့် လယ်မြေဧက စုစုပေါင်း ၂၇,၀၀၀ ကျော် ရှိသည်ဟု သတင်းစာရှင်းလင်းပွဲ၌ ဇီးဖြူကုန်းကျေးရွာမှ ကိုးဦးဖွဲ့စည်းထားသည့် မြေယာပြန်လည်ရရှိ ရေးအဖွဲ့က ပြောသည်။
မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်က လာရောက်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး တချို့သော လယ်သမားများကို ခေါ်ယူတွေ့ဆုံမေးမြန်းခြင်းမရှိကြောင်း လယ်သမားများက ဆိုသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ သိမ်းယူထားသည့် လယ်ယာမြေများကို ငါးကန်များတူးဖော်ထားပြီး စီးပွားရေးလုပ် ငန်းရှင်များထံ ငှားရမ်းလုပ်ပိုင်ခွင့်ပေးထာပြီး ဖြစ်သည်။
ရွှေသူဌေး အကျဉ်းဦးစီးဌာနအနေဖြင့် သိမ်းယူထားသည့် လယ်မြေစုစုပေါင်း ၂၂၇၇ ဒသမ ၀၃ ဧကထဲ မှာ လယ်ယာမြေအဖြစ် အနည်းငယ် ကျန်ရှိနေပြီး တော်တော်များများက ငါးကန်တူးဖော်ထားပြီး တချို့ စီးပွားရေးလုပ်ငန်းရှင်များထံ ငှားရမ်း လုပ်ကိုင်ခွင့်ပြုထားပါသည်။
ရွှေသူဌေးအကျဉ်းဦးစီးဌာနက သိမ်းယူခြင်းခံထားရသည့် လယ်သမားဦးသံဂဲက “အကျဉ်းဦးစီးက သိမ်းပြီးတော့ လယ်သမား ရ၀ ဦးထံက လယ်ယာတွေ သိမ်းပြီးတော့ လုပ်ငန်းရှင်တွေကို ငှားစားတာ လုံးဝ မတရားပါဘူး။ သူတို့(အကျဉ်းဦးစီးဌာန)လည်း မလုပ်နိုင်ပါဘူး။ လယ်ဧက ၁၇၅၀ ငှားစားနေပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသည်။
ဇီးဖြူကုန်းကျေးရွာမှ တချို့သော လယ်သမားများသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက်တွင် လယ်သမားတစ်ဦးလျှင် လယ် ၁၅ ဧက ခွဲတမ်းအဖြစ် ရရှိထားသည့် လယ်သမား ၁၆ ဦးလည်း ပြန်လည် သိမ်းဆည်းခံခဲ့ရသည်။
တချို့လယ်သမားများက သိမ်းခံရချိန်က မြေလွတ်မြေရိုင်းဖော်ထုက်ရေး ကော်မတီဖွဲ့ပြီး ၁၉၇၀ ခုနှစ်ကစပြီး လယ်သမား ၁၇ ဦးကနေ ၁၀၁ ဦးအထိ ကိုယ်တူကိုယ်ထ ဖော်ထုတ် ဆောင်ရွက်ခဲ့သည့် လယ်ယာမြေ များဖြစ်သည်ဟု လယ်သမားများက ပြောသည်။
သိမ်းဆည်းခံထားရသည့် လယ်ယာမြေများနှင့်ပတ်သက်ပြီး မြေယာစီမံခန့်ခွဲရေးကော်မတီအနေဖြင့် သတင်းစာရှင်းလင်းပွဲပြီးသည့်အချိန်မှ နှစ်လအတွင်း ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်ပြီး ဆက်လက် ဆောင်ရွက်သွားမည်ဟု သတင်းစာရှင်းလင်းပွဲမှာ လယ်ယာမြေ ပြန်လည်ရ ရှိရေး ကော်မတီက ပြောသည်။
ရွှေသူဌေး အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ ဦးစီအရာရှိ ဦးအောင်ဇော်က “မြေယာစီမံခံခွဲရေးကော်မတီက ဆောင်ရွက်ခိုင်းသည့်အတိုင်း လုပ်ဆောင်ပေးမယ်။ စခန်းအနေအထားကတော့ လက်ရှိ ၂၇၈၁ဒသမ၉၃ ဧက အပိုင်ရှိတယ်။ လန ၃၉ ကျထားပြီးသား ဖြစ်တယ်။ လန ၃၉ ရရှိရန် ကျန်ရှိနေတဲ့ လယ်ယာမြေတွေ ကိုလည်း လန ၃၉ ရရှိဖို့အတွက် ဆက်လက် ဆောင်ရွက်နေတယ်”ဟု ပြောသည်။
ရွှေသူဌေး အကျဉ်းဦးစီးဌာနအနေဖြင့် ၁၉၇၈ ခုနှစ်မှာ ၂၀၀၀ ဒသမ ရ၁ ဧက လန ၃၉ ကျထားပြီး ရ၈၀ ဒသမ ၉၃ ဧက လန ၃၉ မရရှိသေးသည့်အတွက် ရရှိရန် ဆက်လက် ဆောင်ရွက်နေခြင်းဖြစ်သည်။