ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထု ပိုမိုပါ၀င်နိုင်ရန် သဘောထားထုတ်ပြန်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထု ပိုမိုပါ၀င်နိုင်ရန် သဘောထားထုတ်ပြန်
by -
မဇ္ဈိမ

တောင်ကြီးမြို့တွင် လေးရက်ကြာ ကျင်းပခဲ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ ဆွေးနွေးပွဲမှ ဘုံသဘောထားထုတ်ပြန်ချက်အဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် ပြည်သူများ ပါ၀င်နိုင်ရန် ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် အချက်ခြောက်ချက်ပါ၀င်ပြီး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး အကောင်အထည်ဖော် ရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တိုင်းတွင် အမျိုးသမီးများနှင့် လူငယ်များ ပိုမိုပါ၀င်နိုင်ရန်၊ တိုင်းရင်းသားတို့၏ စာ ပေနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ သဘာဝပတ်ဝန်းကျင် အမွေအနှစ်များ ကာကွယ်မြှင့်တင်ပေးမည့် ဥပဒေ များ ပြဋ္ဌာန်းပေးရန် အချက်များလည်း ပါ၀င်သည်။

“တိကျခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို အလျင်အမြန် ဖော်ဆောင်နိုင်ဖို့ အချက်တွေရယ်၊ ဒေသတွင်း မှာ စစ်ရေးပဋိပက္ခတွေ လုံးဝ ရပ်တန့်သွားနိုင်ဖို့အချက်တွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုတွေကို ပိုပြီးတော့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ သဘောထားကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်တယ်”ဟု ဆွေး နွေးပွဲစီစဉ်သူ မျိုးဆက်သစ်(ရှမ်းပြည်) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုညီညီမိုးက ပြောသည်။

ဆွေးနွေးပွဲသို့ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့သည်။ ဦးစိုင်းထွန်းရင်က ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်များကို အသိအမှတ်ပြု ပြောဆိုလိုက်ပြီး ပူးပေါင်းလုပ်ဆောင်မည်ဟု မဇ္စျိမကို ပြောသည်။

“ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ ပြည်သူတို့ ပူးပေါင်းပါ၀င်မှု ဆိုတဲ့အချက်တွေက ကောင်းမွန်တဲ့အချက်တွေ ဖြစ်ပါတယ်။ သူတို့လုပ်ရပ်တွေဟာ အပြစ်မရှာဘဲ အဖြေ ရှာပြီးတော့ လုပ်ဆောင်သွားမယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်”ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို တောင်ကြီးမြို့၊ အောက်မေ့ဖွယ်ဓမ္မာရုံ၊ စိန့်ဂျိုးဇက်ခန်းမတွင် ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်ထိ ကျင်းပခဲ့ပြီး ကရင်၊ မွန်၊ ကရင်နီ၊ တနင်္သာရီ၊ ရှမ်းမြောက်၊ ရှမ်းရှေ့၊ ရှမ်းတောင်၊ ဧရာဝတီတိုင်း၊ ရန်ကုန်၊ပဲခူး၊ မန္တလေးနှင့် ရခိုင်ဒေသအသီးသီးမှ အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်မှ ကိုယ် စားလှယ် ၁၅၆ ဦး တက်ရောက်ဆွေးနွေးခဲ့သည်။

ရလဒ်များကို ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်နှင့် မြန်မာ့ငြိမ်းချမ်း ရေး ဖော်ဆောင်ရေးကော်မတီတို့သို့ပေးပို့သွားမည်ဖြစ်သည်။