အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော လက်နက် ခဲယမ်း အ မြောက်အများကို ဒေသခံရဲ နှင့် အာသံစစ်တပ်တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၀၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည် ဟု သိရသည်။
ကြိုတင်သတင်းရရှိချက်အရ Serchhip မြို့နယ် ရဲအဖွဲ့ နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ Champhai မှ ထွက်ခွါလာသော Pick-up ကားတစီးကို Serchhip မြို့နယ် Khawlailun ကျေးရွာအနီးတွင် ရှာဖွေစစ်ဆေးကာ အဆိုပါလက်နက်များကို ကားသမား ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု Serchhip ရဲစခန်းမှူး Pu Ramhluna ကပြောသည်။
“ Champhai ကနေ Lungleiမြို့ကို Biate ရွာ လမ်းကြောင်းကနေ သွားမယ်ဆိုတာ ကျနော်တို့ ကြိုတင် သတင်းရ ထားပါတယ်၊ ကျနော်တို့သတင်းရထားချက်အတိုင်းဘဲ လမ်းခုလပ်မှာ စောင့်ပြီးဖမ်းဆီးနိုင်ခဲ့ တာဖြစ်တယ်” ဟု စခန်းမှူး ကပြောသည်။
ယခုဖမ်းဆီးရမိသော လက်နက်များမှာ ၄၀ မမ လက်ပစ်ဗုံး ၃၉ လုံး၊ အမ်အေ-၃ အမ်ကေ ၂၅.၆ မမ မောင်းပြန် သေနတ် ၄ လက်၊ ရ.၆၂ မမ မောင်းပြန်သေနတ် ၁၀ လက်၊ ကျည်ဘောက် ၂၉ ၊ ၉ မမ ပစ်စတို ၁ လက်၊ အသံတိတ် ပစ်စတို ၁ လက်၊ ကျည်ဆံ ၅၃၂ ခု၊ အဝေးကြည့် မှန်ပြောင်း ၁ ခု၊ အယ်လ်အမ်ဂျီ ရ.၆၂ မမ ၁ လက် နှင့် ရိုက်ဖယ် လွယ်ကြိုး ၈ ခု စသည်တို့ဖြစ်သည်။
အဖမ်းခံရသော ကားသမား ၂ ဦးသည် မီဇိုရမ်ပြည်နယ်သား Champhai မြို့ခံများဖြစ်ကြပြီး အဆိုပါလက် နက် များကို အခကြေးငွေဖြင့် ပို့ဆောင်ပေးခြင်းသာဖြစ်ကြောင်း ထွက်ဆိုထားကြသည်ဟု စခန်းမှူးက ပြောသည်။
အဆိုပါလက်နက်များသည် Lunglei မြို့မှတဆင့် မည်သည့်ဒေသသို့ ဆက်လက်ပို့ဆောင်မည်ဆိုသည် နှင့် လက်နက် ပိုင်ရှင်အစစ်အမှန်ကို သိရှိနိုင်ရန် စုံစမ်း စစ်ဆေးမှူများ ဆက်လက်ပြုလုပ်နေကြောင်း စခန်းမှူးကဆက်ပြောသည်။
မီဇိုရမ်ပြည်နယ်သည် အိန္ဒိယအရှေ့မြောက်ပြည်နယ်မှ ခွဲထွက်ရေးသူပုန် နှင့် လက်နက်မှောင်ခိုအဖွဲ့များ လက်နက် ရောင်းဝယ်ရေးလုပ်ငန်း နှင့် လက်နက်တင်ပို့ရေး လုပ်ငန်းများအတွက် အဓိကအသုံးပြုလေ့ရှိသော ကြားခံဒေသ တခုဖြစ် သည်။