သျှမ်းပြည်အတွင်းရောက်ရှိလှုပ်ရှားနေသည့် တပ်များမှ အရာရှိ စစ်သည်အများအပြား တပ်မှ ထွက်ပြေး နေသည်ဟု ဒေသခံများ ပြောပြချက်အရသိရပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA မှ ရရှိထားသည့် သတင်းအရ အစိုးရတပ်မတော် ဗိုလ်ကြီးအဆင့် ၄ ဦး တပ်သားအဆင့် ၃ ဦး - စုစုပေါင်း ရ ဦးထက်မနည်း တပ်မှ ထွက်ပြေးနေသည်ဟု ဆိုသည်။
အစိုးရတပ်များ သျှမ်းပြည်အတွင်း တာဝန်ကျ လှုပ်ရှားပြီး အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်နေရသောကြောင့် တပ်မှထွက်ပြေးရခြင်းဖြစ်ကြောင်း နိုင်ငံရေးသင်တန်းတက် ရောက်နေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်များက ပြော ပြပါသည်။
“လက်နက်ကိုင်တပ်ဖွဲ့တွေ တော်တော်များများကအပစ်ရပ်ထားပြီ၊ ဒါပေမယ့် တိုက်ဖို့ နယ်မြေ ရှင်းလင်းဖို့ အမိန့်က လာတုန်း၊ ဘယ်သူမှ အလကား မသေချင်ဘူးလေ။ ဒါ့ကြောင့် ထွက်ပြေးကြတာ” - ဟု RCSS/SSA နာယက ဆရာ ခွန်းဆေ က ပြောပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA ပိုင် သတင်း ဝဘ်ဆိုက်တွင်လည်း ထွက်ပြေးသည့် မြန်မာ့တပ်မတော်မှ အရာရှိများ တပ်သားများ၏ နာမည်များကိုပါ ဖေါ်ပြထားသည်။
အဆိုပါ တပ်ပြေးများမှာ ခလရ ၁၃၂ မှ ဗိုလ်ကြီး အောင်အောင်၊ တပ်သားသန့်ထူး၊ ခမရ ၃၄၂ မှ ဗိုလ်ကြီးသက်နိုင်ဦး၊ ခမရ ၄၃၆ မှ ဗိုလ်ကြီးမြင့်ဦး၊ ဆေးတပ်ရင်းဗိုလ်ကြီး သိန်းထိုက်အောင်၊ ၁၄၄ မှ တပ်သားအောင်စိုးဝင်း၊ ၂၉၀ မှ တပ်သားဇော်ဝင်း တို့ ဖြစ်သည်ဟု ဆိုသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရသေးပေ။
ယခုလဆန်းပိုင်းကလည်း တပ်သားတဦးက ရှေ့တန်းပွိုင့်ဦး မထိုးလိုသောကြောင့် နမ္မတူမြို့နယ် မိုင်းယင်အုပ်စု ဝမ့်ကောင်းဟုန်း(ရွာ) တွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့မှုလည်း ရှိပါသည်။