ပါတီတည်ထောင်ခွင့်ကျပြီးဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား ဒီဇင်ဘာ ပထမအပတ်အတွင်း ရွေးချယ်ရန်စီစဉ်ထားသည်ဟု ပါတီ၏ ယာယီဥက္ကဋ္ဌ ဒေါက်တာ ဂမ်ဂျန်ဒါးက နိုဝင်ဘာ ၂၈ရက်တွင် မဇ္စျိမကို ပြောသည်။
“မှတ်ပုံတင်ကျလာတော့ မှာပါ၊ အဲတာကြောင့် ပထမအပတ်မှာ ဗဟိုအလုပ်မှုဆောင်တွေ စရွေးတော့ပါမယ်” ဟု ပါတီ၏ ယာယီဥက္ကဋ္ဌ ဒေါက်တာ ဂမ်ဂျန်ဒါး က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၂၀ရက်တွင် တည်ထောင်ခွင့်ပြုခဲ့ပြီးနောက် ပါတီ၏ အမှတ်တံဆိပ်များအပေါ် သတ်မှတ်ချိန် ခုနစ်ရက်အတွင်း ကန့်ကွက်သူမရှိသဖြင့် မှတ်ပုံတင်ခြင်းဆောင်ရွက်ရန်သာ ကျန်ရှိတော့သည်။
မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ပထမအပတ်အတွင်း ဆောင်ရွက်ရန် လျာထားသည်ဟုလည်း ပါတီ၏ ယာယီဥက္ကဋ္ဌက ဆိုသည်။ လတ်တလောတွင် ယာယီဗဟိုအလုပ်အမှုဆောင် ၁၆ ဦးထဲမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး တစ်ဦးနှင့် တွဲဖက်အတွင်းရေးမှူး နှစ်ဦးတို့ကို ရွေးချယ်ပြီး လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
ပါတီ၏ အဓိက ရည်ရွယ်ချက်မှာ ပြည်ထောင်စုဆန်သည့် စနစ် ဖြစ်ပေါ်လာရန်၊ ပြည်ထောင်စု တိုင်းရင်းသားများအားလုံးတို့ တစ်သားတည်းစုပေါင်း စွာနေထိုင်နိုင်ရန် ဖြစ်သည်ဟု ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောသည်။
ဦးစောသန်းမြင့်က “ တိုင်းရင်းသားဆိုရင် ဗမာ မပါဘူးလို့ မြင်ကြတယ်၊ ကျွန်တော်တို့ ဆိုလိုတဲ့ တိုင်းရင်းသား ဆိုတာက ဗမာတွေလည်း ပါတယ်၊ အားလုံး တစ်စုတစ်စည်းတည်း နေထိုင်နိုင်အောင်၊ အားလုံး အကျိုးကိုလည်း ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။
ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် ပါ၀င်ယှဉ်ပြိုင်သွားရန် ရည်မှန်းထားပြီး လွှတ်တော်တွင်း ကိုယ်စားပြုနိုင်ခဲ့ပါက ကျန်းမာရေးကဏ္ဍကို အဓိက အလေးပေးလုပ်ဆောင်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။ ပါတီအနေဖြင့် ငှက်ဖျားရောဂါနှင့် AIDS ဝေဒနာရှင်များကို ဆေးဝါးများအခမဲ့ ကူညီရန် စီစဉ်နေသည်ဟု တာဝန်ရှိသူတို့က ပြောသည်။
အဆိုပါ ပါတီကို ညီနောင်တိုင်းရင်းသားပါတီများအဖွဲ့ဝင် ၁၆ ပါတီမှ ကိုယ်စားလှယ် အချို့ဖြင့် ဖွဲ့စည်းရန် စီစဉ်ထားခြင်းဖြစ်သည်။ ညီနောင်တိုင်းရင်းသားပါတီများကို ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိ အဖွဲ့ဝင်များအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီ စသည်တို့ ပါ၀င်ကြသည်။