လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကာလတုန်းက နေဘုန်းလတ်ရဲ့ တစ်နေ့တာ အချိန်ဇယားတွေမှာ စာဖတ်ခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ ၀တ္ထုတို၊ ကဗျာနဲ့ ဆောင်းပါးတစ်ချို့ရေးသားခြင်း စတာတွေပါ၀င်နေခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင် ရန်ကုန်မြို့ရဲ့တစ်မနက်ဝေလီဝေလင်း ဘလော့ဂ်ဂါ နေဘုန်းလတ် တစ်ယောက် ဖုန်းလက်ခံစကားပြောပြီးတဲ့အချိန်မှာတော့ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်ကို ပျာပျာသလဲ ခရီးထွက်ခဲ့ ပါတော့တယ်။အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ ဥပဒေ တစ်ခုကို ပြင်ဆင်ရာမှာ ကူညီပေးဖို့ဖြစ်ပြီးအဲဒီအ ကြောင်း ရင်းကပဲ သူ့ကို ထောင်ထဲရောက်စေခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော့်မှာ မိနစ်၂၀လောက်ပဲ စကားပြောဖို့ အချိန်ရတယ်ဗျ” အားနာတဲ့အပြံုးနဲ့ ရန်ကုန်မြို့ လည်ခေါင် နားက သူ့ရုံးမှာ လာတွေ့တဲ့ ဧည့်သည်ကို ပြောလိုက်ပါတယ်။ အကြိမ်ကြိမ်ဖုန်းနဲ့ ဆက်သွယ်ခွင့်တောင်းပြီး ချိန်မှာ စတိဗ်ဂျော့ရှ်၊ ဘီလ်ဂိတ်နဲ့ တစ်ခြား အိုင်တီအကျော်အမော်တွေရဲ့ ဓါတ်ပုံတွေချိတ်ဆွဲအလှဆင်ထားတဲ့ ဘလော့ဂ်ကာ နေဘုန်းလတ်ရဲ့ ရုံးခန်းမှာပဲ ဒီတွေ့ဆုံတဲ့အစီအစဉ်ကို တက်သုတ်ရိုက် စီစဉ်ခဲ့တာဖြစ်ပါတယ်။
ရုံးခန်းနံရံ တနေရာမှာတော့ ၂၀၁၂ခုနှစ် ဇန်နဝါရီလတုန်းက အကျဉ်းထောင်ထဲက လွတ်မြောက်ခါစက ရိုက်ကူးထားခဲ့တဲ့ မြန်မာဘလော့ဂ်ဂါအဖြစ် လူသိများတဲ့ နေဘုန်းလတ်ရဲ့ ဓါတ်ပုံကို ချိတ်ဆွဲထားပြီးအဲဒီ အချိန်ကတည်းက ပြည့်ဖြိုးနေတဲ့ သူ့ရဲ့ ဟန်ပန်ကိုလဲ သတိထားမိပါတယ်။
နောက်ဆုံးမှာတော့ ခုံတန်းတစ်ခုပေါ်မှာ အကျအနထိုင်ပြီး သူ့ကို ထောင်ဒါဏ် အနှစ် ၂၀နဲ့ ၆ လချမှတ်ခဲ့တဲ့ ယခင်စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ ဘာကြောင့် လက်တွဲအလုပ်လုပ်ကိုင်နေ တယ်ဆိုတဲ့ အကြောင်းရင်းကို ရှင်းပြပါတော့တယ်။ (နေဘုန်းလတ်သည် ထောင်ဒဏ် လေးနှစ်ခန့် ကျခံပြီးချိန်မှာ ပြန်လွတ်မြောက်ခဲ့သည်။)
“ကျွန်တော်တို့ လွတ်လပ်ခွင့်တစ်ချို့ရခဲ့တယ် ဒါပေမဲ့ အရင် စစ်အစိုးရလက်ထက်က ပြဋ္ဌါန်းခဲ့တဲ့ အီလက်ထရောနစ်ဥပဒေက ခုချိန်ထိ အကြံုးဝင်နေတုန်းပဲ။ဒါကြောင့် ကျွန်တော်တို့ဆီက လူတိုင်းလိုလို အင်တာနက်ကို လွတ်လွတ်လပ်လပ်သုံးခွင့်ရှိတယ် ဒါပေမယ့် နောက်ဆက်တွဲ အနေနဲ့ ကျွန်တော်တို့ လွတ်လပ်ချင်မှ လွတ်လပ်မယ် ဘာဖြစ်လို့လဲဆိုတော့ အဲဒီဥပဒေက ခုချိန်ထိ မပယ်ဖျက်ရသေးဘူးလေ ” လို့ သူက ပြောပါတယ်။
“သူတို့ မထင်ရင်မထင်သလို ဒီဥပဒေနဲ့ လူတိုင်းကို အရေးယူနိုင်တယ်။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လွတ်လပ်တယ်လို့တော့ ပြောနိုင်တယ် ဒါပေမယ့် မလုံခြံုသေးဘူး။” လို့လည်း သူကရှင်းပြပါတယ်။
ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားသူတစ်ယောက်အဖြစ် ၂၀၀၈ခုနှစ်မှာ နေဘုန်းလတ်ထောင်သွင်းအကျဉ်း ချခံစဉ်ကသူ့အသက် ၂၈နှစ်ပဲရှိပါသေးတယ်။၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေး အခင်းဖြစ်ပွားစဉ် ဆန္ဒပြသူတွေကို အစိုးရချေမှုန်းခဲ့ပုံ စတဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေခြင်းရဲ့ အဓိကရင်းမြစ်အဖြစ် သူ့လို ဘလော့ဂါတွေကို အစိုးရ သတ်မှတ်ပြီး နောက်ဆုံး အင်တာနက်စာမျက်နှာတွေကို ပိတ်ချတဲ့အထိ ဖြစ်ခဲ့ပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်နဲ့ ဘားအံထောင်တွေမှာ အကျဉ်းချခံခဲ့ရပေမယ့်လည်း နေဘုန်းလတ်ဟာ ခုချိန်မှာတော့ သူ့နိုင်ငံရဲ့ အပြောင်းအလဲတွေအတွက် မျှော်လင့်ချက်တစ်ဖန် တောက်ပနေပြန်ပါပြီ။၁၉၈၈ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းတုန်းက စစ်အစိုးရရဲ့ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေ (စုစုပေါင်း ၃၀၀၀ကျော်) ကို လူမဆန်စွာ သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းတွေကိုအသက် ၈ နှစ်အရွယ်သာရှိတဲ့ နေဘုန်းလတ်ကိုယ်တိုင် မြင်တွေ့ခံစားပြီးချိန်မှာ အတော်လေး ပြောင်းလဲခဲ့တယ်လို့ သူက ပြောပါတယ်။
အွန်လိုင်းကြိုးပမ်းဆောင်ရွက်မှုတစ်ခု
၂၀၁၁ခုနှစ်မှာတော့ နှစ် ၅၀ကျော်ကြာ စစ်အာဏာရှင် စနစ်အောက်မှာ ဖိနှိပ်ခံခဲ့ရ တဲ့ အရင်အခြေအနေတွေကနေ တစ်ဖန်ပြန်လည် ပွင့်လင်းစပြုခဲ့ပါတယ်။အရပ်သားဦးသိန်းစိန် အစိုးရရဲ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက မချီးကျူးစဖူး ချီးကျူးခဲ့ကြပါတယ်။ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နဲ့ နေဘုန်းလတ်လို အခြားနို်င်ငံရေးအကျဉ်းသားအများအပြားကို ဦးသိန်းစိန်က လွှတ်ပေးလိုက်ခြင်းဟာလည်း အဓိက အပြောင်းအလဲတစ်ရပ် ဖြစ်ခဲ့ပါတယ်။
နေဘုန်းလတ်နဲ့ တစ်ခြားဘလော့ဂ်ဂါ၊နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ မြန်မာဂျာနယ် လစ်တွေဟာ အသွင်ကူး ပြောင်းကာလအတွက် ခုချိန်ထိပူပန်နေရတုန်းပါပဲ။မီဒီယာဥပဒေအသစ်တွေကို ပြင်ဆင်နေချိန် မှာပြင်း ထန်တဲ့ ဥပဒေတွေ ခုထိ အတည်ဖြစ်နေသေးပြီး ဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့ မီဒီယာလွတ်လပ်ခွင့်တွေ အတွက် အစိုးရက ကတိကဝတ်ပြု လုပ်ဆောင်နေပေမယ့်လည်း ယခင်အခြေအနေဆီ နောက်ပြန်ဆုတ် သွားမယ့် အရေးကို စိုးရိမ်နေကြပါတယ်။
ယခင်က ပြည်ပမှာ ရောက်ပြီး ပြန်လာခွင့်မရှိသူတွေ၊ ဆင်ဆာဖြတ်တောက်မှုရဲ့ အောက်၊ ဒါမှမဟုတ် သံတိုင်နောက်ကွယ်မှာ နေခဲ့ကြရတဲ့ အင်တာနက်သုံးသူ မြန်မာနိုင်ငံသားတချို့ဟာ တိုးတက်လာနေတဲ့ မြန်မာအင်တာနက်ဆက်သွယ်မှုကို သုံးပြီး အသစ်တွေ့ရှိထားတဲ့ လွတ်လပ်တွေ မပျောက်ကွယ်သွားအောင် ၊ စစ်ဗိုလ်ချုပ် တဖြစ်လဲ နိုင်ငံရေးသမားတွေ နောက်ပြန်မလှည့်သွားနိုင်အောင် ခုချိန်မှာ လုပ်ဆောင်နေကြ ပါတယ်။
သူတို့ဟာ စမတ်ဖုန်း သုံးစွဲသူပိုများပြားလာအောင်နဲ့ ခေတ်လွန်နေတဲ့ ဥပဒေရေးရာခြောက်လှန့်မှုတွေမှ ရုန်းထွက်ဖို့အတွက် ဒစ်ဂျစ်တယ်မီဒီယာကို ကျွမ်းကျင်စွာ အသုံးချလျှက်ရှိပါတယ်။ နောက်တချက်ကတော့ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်အတွက် လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
နေဘုန်းလတ်နဲ့ သူ့ရဲ့ Myanmar ICT for Development Organization ,MIDO က ပြောဆိုရာမှာ မြန်မာအင်တာနက် သုံးသူတွေ အနေနဲ့ လွတ်လပ်စွာ ထုတ်ဖေါ်မှုကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေနဲ့ သူတို့ ရင်ဆိုင်နေရတဲ့အန္တရာယ်တွေ အကြောင်း သိပ်မသိသလို ဘယ်လိုအရေးယူခံရနိုင်တယ်ဆို တာကိုလည်း မသိကြဘူးလို့ ဆိုပါတယ်။ချမှတ်ထားတဲ့ မူဝါဒနဲ့ ဥပဒေတွေပြောင်းလဲဖို့ လှုံ့ဆော်တဲ့အနေနဲ့ဆိုရှယ်ဝက်ဘ် ဆိုက်တွေထဲက တစ်ခုဖြစ်တဲ့ Facebook ကို အသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
၁၅ နှစ်သက်တမ်းရှိ မိုဘိုင်းတယ်လီဖုန်းနဲ့ အင်တာနက် ၀န်ဆောင်မှုလိုင်စင်ကို မကြာမီက တင်ဒါ အောင်မြင် ခဲ့တဲ့ ကာတာ အခြေစိုက် အော်ရီဒူးနဲ့ နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီတို့က မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း နဲ့ အင်တာနက် ဆက်သွယ်မှုကို မြန်ဆန်စွာ တိုးချဲ့ဖို့ ပြင်ဆင်နေတာကြောင့် အင်တာနက်နဲ့ မိုဘိုင်းဖုန်း အသုံးပြုမှုအရေအတွက်ဟာလည်း သိသိသာသာတိုးတက်လာဖို့ ရှိပါတယ်။အစိုးရအနေနဲ့လည်း နို်င်ငံရဲ့ မိုဘိုင်းဖုန်း အသုံးပြုနိုင်မှု ရာခိုင်နှုန်း လက်ရှိ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိရာမှ လာမယ့် ၂၀၁၆ခုနှစ်မှာ ၈၀ ရာခိုင်နှုန်းအထိတိုးမြှင့်သွားဖို့ စီစဉ်နေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ အင်တာနက်ထိုးဖောက်အသုံးပြုမှုပမာဏဟာ အတော်လေးကို နိမ့်ကျနေသေးပြီး လူဦးရေရဲ့ တစ်ကနေ သုံးရာခိုင်နှုန်း အတွင်း (တရားဝင် ကိန်းဂဏန်း မရှိသေး) သာရှိပါ တယ်။ အင်တာနက်အသုံးပြုသူအများစုကတော့ လတ်တလော ရေပန်းအစားဆုံးဖြစ်တဲ့ လူမှု ကွန်ရက် ဖေ့စ်ဘုတ်ကို အသုံးပြုနေကြပါတယ်။
အစိုးရအနေနဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေ ကနေ ကြေညာချက်တွေကို ပုံမှန်ထုတ်ပြန်နေတယ်လို့ MIDO ဆိုပါတယ်။ အလားတူပဲ ဥပဒေပြုသူတွေ ဖြစ်တဲ့ လွှတ်တော် အမတ်တွေကိုယ်နှိုက်လည်း သုံးစွဲနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က တယ်လီဖုန်းအော်ပရေ တာလိုင်စင် အောင်မြင်တဲ့ ကုမ္ပဏီ စာရင်းကို ဖေ့စ်ဘွတ်ပေါ်က နေကြေညာခဲ့ပြီး အသုံးပြုခွင့်ရသူ တွေကို ထုတ်ပြန်ကြေညာပြီး အစိုးရမူဝါဒ ချမှတ်သူတွေအဖို့ လူမှုကွန်ရက် ၀က်ဆိုက်တွေဟာ ဆက်သွယ်ရေး ကိရိယာအဖြစ် ဘယ်လောက်ထိ အသုံးကျနေတယ်ဆိုတာကို ပြခဲ့ပါတယ်။
လူမှုကွန်ရက်တွေနဲ့ ပက်သက်ပြီး ထပ်လောင်းပြောရမယ်ဆိုရင်တော့ မြန်မာအင်တာနက်သုံးသူတွေဟာ ဖေ့စ်ဘွတ်ကို သတင်း portal နဲ့ သတင်းတွေ တစုတစည်းထား ထားရှိရာ နေရာအဖြစ် ပြောင်းလဲအသုံးပြု နေကြပါတယ်။ လူဦးရေ ၅၅သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အင်တာနက်နှေးကွေးခြင်းနဲ့ လျှပ်စစ်စွမ်းအင် မလုံလောက်ခြင်းတို့ဟာ ပုံမှန်ဖြစ်နေကျ အဖြစ်အပျက် လိုဖြစ်နေပါတယ်။ နကိုက ရေပန်းစားနေတဲ့ ဘလော့ဂ် ကို ဖေ့စ်ဘွတ်က အနိုင်ယူသွားပြီး အသုံးများဆုံး ဖြစ်လာပါတယ်။
အိုင်တီကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်အရ မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူများ အနက် လူမှုကွန်ရက် ၀က်ဆိုက်သုံးစွဲမှုက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူ ၆သိ်န်းကနေ ၈သိန်းအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအထဲ ဖေ့စ်ဘွတ်ကတော့ လူသုံးအများဆုံး အသုံးပြုနေကြတာကြောင့် လူကြည့် အများဆုံး ၀ဘ်ဆိုဒ်တစ်ခုဖြစ်နေပါတော့တယ်။
သတင်းထောက်တွေရဲ့အကြောင်း
ရန်ကုန်မြို့ တိုက်ခန်းတခန်းမှာ ဖွင့်ထားတဲ့ ရုံးခန်းတစ်ခန်းမှာတော့ အလွတ်တန်း သတင်းစာဆရာ မြင့်ကျော် ဟာ ဖေ့စ်ဘုတ်ဝဘ်ဆိုဒ်မှာ အမြဲလိုလိုရှိနေတတ်ပါတယ်။ “လူထုသတင်းအမှန် ရရှိရေး မီဒီယာဥပဒေ လွတ်လပ်ခွင့်ပေး” ဆိုတဲ့ စတစ်ကာ ကပ်ထားတဲ့ Mac Book ကွန်ပျူတာမှာ စာရိုက်နေရင်း ပြီးခဲ့တဲ့တစ် နှစ်တာနီးပါး အတွင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ လေပွေမုန်တိုင်းလို လှုပ်လှုပ်ရှားရှား ရှိခဲ့တဲ့ အစည်းအဝေးတွေ အကြောင်း ပြောပြပါတယ်။ ဒီကောင်စီကို သတင်းစာသမားနဲ့ မီဒီယာပိုင်ရှင် အများစုနဲ့ ဖွဲ့စည်းထားပြီး ကောင်စီအနေနဲ့ မီဒီယာဥပဒေကြမ်း တစ်ရပ်ရေးဆွဲဖို့ အစိုးရက တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။
ဦးမြင့်ကျော်နဲ့ သူဦးဆောင်ပါ၀င်နေတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်မှာ အများစုဟာ အသက် ၂၀ နဲ့ ၃၀ အကြားလူငယ်သတင်းထောက် တွေဖြစ်ပြီး မကြာသေးမီက လက်မှတ်ကောက်ယူစုဆောင်းတဲ့ လှုပ်ရှားမှု တစ်ရပ်ကို လုပ်ခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ အောက်လွှတ်တော်မှာ အတည်ပြုပေးလိုက်တဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို လွှတ်တော် အနေနဲ့ ပြန်သုံးသပ်ဖို့ တိုက်တွန်းခြင်း ပဲဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ကန့်သတ်ချက်နဲ့ ဆင်ဆာမူတွေပါ၀င်တဲ့ ဥပဒေကြမ်းကို ပြည်တွင်းနဲ့ နိုင်ငံတကာက လူ့အခွင့်အရေးနဲ့ မီဒီယာလွတ်လပ်ခွင့် ကြိုးစားနေတဲ့ အင်အားစုတွေကရှုတ်ချပြောဆို ခဲ့ကြပါတယ်။
ရန်ကုန်၊မန္တလေးနဲ့ တစ်ခြားမြို့ကြီးတွေကနေ ထောက်ခံလက်မှတ်တစ်သောင်းကျော်စုဆောင်းပြီးချိန်မှာ အဆိုပါဥပဒေကြမ်းကို ပြန်လည်သုံးသပ်ဖို့နဲ့ တခြားရွေးစရာ တခုဖြစ်တဲ့ မြန်မာစာနယ်ဇင်းကောင်စီက တင်သွင်းတဲ့ သတင်းမီဒီယာဥပဒေကြမ်းကို စဉ်းစားဖို့ မြန်မာ ဂျာနယ်လစ်ကွန်ရက်က တိုက်တွန်းတောင်းဆို ခဲ့ပါတယ်။ ဒီသတင်းမီဒီယာ ဥပဒေကြမ်းဟာ မြန်မာစာနယ်ဇင်းကောင်စီက သြဂုတ်လ လယ်မှာ အမျိုးသား လွှတ်တော်ထံ တင်သွင်းထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီရဲ့ ဥပဒေကြမ်းဟာတစ်နိုင်ငံ လုံး မှာရှိတဲ့ မီဒီယာပုံသဏ္ဍန်အားလုံးကို လွှမ်းခြံုတဲ့ လိုက်နာရန်စည်းမျဉ်း စည်းကမ်းများပါ၀င်ပါတယ်။
မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်က ဒီလှုပ်ရှားမှုမှုအတွက် ဖေ့စ်ဘုတ်အုပ်စုတွင်းမှာရော အများကြည့်နိုင်တဲ့ ဖေ့ဘွတ်စာမျက်နှာတွေမှာပါ ဆွေးနွေးစည်းရုံးခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေး ဆွေးနွေး ဆုံးဖြတ်ချက်တွေကအစ လှုပ်ရှားမှု အမှတ်တံဆိပ် လိုဂိုတွေ အဆုံး ဖေ့စ်ဘွတ်ပေါ် မိနစ်ပိုင်းအတွင်း တင်ခဲ့ကြပြီး အချင်းချင်း ဖလှယ်ခဲ့ကြပါတယ်။
သြဂုတ်လ နှောင်းပိုင်းမှာတော့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တင်သွင်းတဲ့ သတင်းမီဒီယာ ဥပဒေကို ကောင်စီက လိုလားချက်များအားလုံးနီးပါးနဲ့ အမျိုးသားလွှတ်တော်က အတည်ပြုလိုက် ပါတယ်။ စာနယ်ဇင်း ကောင်စီရဲ့ အတွင်းရေးမှူးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်မင်းဆွေကတော့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက တင်ပြတဲ့ မှတ်ပုံတင်အရာရှိ၊ လိုင်စင်ရုပ်သိမ်းပိုင်ခွင့် ၊တိုင်းရင်းသား လူမျိုး တမျိုးနဲ့ တမျိုးအကြား ၊ ဘာသာမတူသူတွေအကြား အမုန်းပွားစေမယ့် ရေးသားမှုမျိုး ၊ ရာဇဝတ်မှုတွေကို အားပေးလှုံ့ဆော်ရာ ရောက်တဲ့ အကြောင်းအရာများ ဆိုတဲ့ သတ်မှတ်ချက်တွေက ရှင်းရှင်းလင်းလင်း မရှိဘူးလို့ မှတ်ချက်ချ ပြောဆိုပါတယ်။
ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်မပြုခင် နောက်တကြိမ် ထပ်ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။
ကွန်ရက်ရဲ့ သက်ရောက်မှု
အွန်လိုုင်းမှ ကြိုးပမ်းမှုတွေက မြန်မာဂျာနယ်လစ်တွေ ရရှိထားတဲ့ ကနဦးအောင်မြင်မှုတွေကိုု ဘယ်လောက် အကျိုး သက်ရောက်စေခဲ့သလဲ ဆိုုတာ အခုချိန်မှာတော့ ရှင်းရှင်းလင်းလင်း မသိနိုုင်သေးပါဘူး၊ အွန်လိုုင်း အပြင် အခြားသော ကြိုးပမ်းမှုတွေ ဖြစ်တဲ့စာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ သတင်းစာရှင်းလင်းပွဲများက တဆင့်တိုုက်တွန်းပြောဆုုိတာစာနယ်ဇင်းကောင်စီ နဲ့ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနအကြိမ်ကြိမ်တွေ့ဆုံုတာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး တိုုက်တွန်းပြောဆိုုတာတွေ အပြင် ဆန်းစစ်ဝေဘန်ရေးသားတဲ့ သတင်းဖေါ်ပြမှုတွေကိုု တပြိုင်နက်ထဲ ဆိုုသလို လုုပ်ဆောင်ခဲ့လိုု့ဖြစ်ပါတယ်။
မူကြမ်းတင်သွင်းခွင့်မပြုလုပ်ခင် ရက်အနည်းငယ်အလိုမှာ ဥပဒေနဲ့ ပတ်သက်ပြီး အခြေအတင်ဆွေးနွေးရာ နေရာအဖြစ် အန်ဂျေအန်က ဖေ့စ်ဘွတ်ကိုု ဘာကြောင့်ရွေးချယ်ရသလဲ ဆိုုတာကို အန်ဂျေအန် အတွင်းရေးမှူး မြင့်ကျော်က ရှင်းပြပါတယ်။
“ဘာကြောင့်လဲ ဆိုုတော့ အင်တာနက်သုုံးသူတွေကြောင့်ပါပဲ၊ အွန်လိုုင်းကွန်ရက်က ဒီနေရာမှာ ထိရောက် မှုရှိပါတယ်၊ ကျွန်တော်တိုု့ အမြင်၊ လိုုအပ်ချက်တွေကိုု အွန်လိုင်းကတစ်ဆင့် အင်တာနက်အသုံးပြုသူ တွေထဲက အစိုးရ အရာရှိတွေနဲ့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းက ပုုဂ္ဂိုလ်တွေ အဲဒီနေရာမှာ ရှိနေလိုု့ပဲ ဖြစ်တယ်” လို့ လတ်တလောမှာ ခေတ္တရပ်နားထားပြီး ဖေ့စ်ဘုတ်မှာပဲ ဖေါ်ပြတဲ့ Yangon Press International ရဲ့ အယ်ဒီတာချုပ် မြင့်ကျော်က ပြောပါတယ်။
“သူတို့က သူတို့စီးပွားရေးအတွက်လုပ်နေကြပါတယ်၊ ဒါပေမယ့် လတ်တလော မီဒီယာလောကနဲ့ တစ်ခြားဘာတွေဖြစ်ပျက် နေတယ်ဆိုတာလဲ သတိထားကြတယ်။ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်ဆိုတာ တစ်ခြားကဏ္ဍတွေနဲ့ထိတွေ့ဖိုု့ ချိတ်ဆက်လုပ်ဆောင်ဖို့ အကောင်းဆုံးကြားခံ မီဒီယာတစ်ခုပါပဲ”လို့ မြင့်ကျော်က ပြောပါတယ်။
ဒါပေမယ့်လည်း ပုံနှိပ်ထုတ်ဝေမူကြမ်းနဲ့ ပက်သက်ပြီး MJN ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက အလုံးစုံမဖော်ပြပဲ ယေဘုယျ ထုတ်ပြန်ချက်တစ်ချို့လောက်ပဲ ဖော်ပြခဲ့တယ်လို့ မြင့်ကျော်က ပြောပါတယ်။တစ်ခြား ဂျာနယ်လစ်တွေနဲ့ အိုင်တီကျွမ်းကျင်သူတွေကလည်း မြန်မာနိုင်ငံက အင်တာနက်အသုံးပြုသူအများစုဟာ ဖျော်ဖြေရေး၊ လူမှုဘဝတွေလောက်ပဲ စိတ်ဝင်တစားပြောဆိုကြသလို ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ထင်မြင်ချက်တွေလည်း ပေးကြတယ်လို့ ဝေဘန်ပြောဆိုပါတယ်။
“သူတို့က ဒီဥပဒေမူကြမ်းက စိတ်ဝင်စားစရာမကောင်းဘူးလို့ ထင်ကြတယ်။တစ်ချို့ သတင်းထောက်တွေက ဒီမူကြမ်းကို ဖတ်တောင်မကြည့်ကြဘူး။ ဒါတောင် သတင်းထောက်တွေနော်” လို့ မြင့်ကျော်က ပြောပါတယ်။
နေဘုန်းလတ်ကလည်း ဆက်သွယ်ရေး နည်းပညာ ဥပဒေကြမ်း အပေါ် လူတွေ ဘယ်လိုတုံ့ပြန်ကြသလဲ ဆိုတာနဲ့ ပတ်သက်လို့ MIDO အနေနဲ့ အွန်လိုင်းပေါ်ကတဆင့် လေ့လာမှုတွေ လုပ်ဆောင်ပြီးဥပဒေကြမ်း အတွက် အထောက်အကူ ရစေခဲ့တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ နိုင်ငံသားတွေကိုယ်တိုင်နဲ့ အင်တာနက်အသုံးပြုသူအများစုက ဒီဥပဒေအကြောင်းမသိကြတဲ့ အပြင် ဒီလို ဥပဒေသစ်ရေးဆွဲတာက သူတို့တာဝန်မဟုတ်ဘူးလို့ ထင်နေကြတယ်”လို့ နေဘုန်းလတ်က ပြောပါ တယ်။
“တကယ်တော့ အဲဒီလိုမဟုတ်ဘူးဗျ။ လွှတ်တော်ကိုယ်စားလှယ်တွေကိုနှိုက်က ဒီဥပဒေရေးဆွဲဖို့အတွက် အိုင်တီနဲ့ ပက်သက်ပြီး လုံလောက်တဲ့ ကျွမ်းကျင်မှု မရှိကြပါဘူး။ အစစအရာရာကို သူတို့ မသိကြတဲ့အတွက် တစုံတရာ လုပ်ဆောင်မယ့်ဆို အိုင်တီကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ဥပမာ-အိုင်စီတီနဲ့ ပက်သက်တဲ့ ဥပဒေရေးမယ်ဆိုရင် အိုင်စီတီဘက်က ကျွမ်းကျင်သူတွေ ပါ၀င်သင့်တယ်”လို့ သူက ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဟာ ရှေ့ကလုပ်သွားတဲ့ စံနမူနာဟောင်းတွေထဲမှာ အသားကျနေတုန်းပဲ ဆိုတာ ဒီဥပဒေပြုတဲ့ ကိစ္စတွေမှာ ပါ၀င်ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မြို့ပြအင် ဂျင်နီယာ ဘွဲ့ရ နေဘုန်းလတ် သတိထားမိပါတယ်။
“အစိုးရဘက်က လူတော်တော်များများဟာ စစ်ဘက်ဆိုင်ရာ လာကြတဲ့အတွက် သူတို့ရဲ့ အဓိကတွေးတာတွေ က လုံခြံုရေးဘက်ပဲ သွားပါတယ်။ တစ်ခုခုအတွက် သူတို့ စဉ်းစားလိုက်တိုင်း လုံခြံုရေးကို အဓိက စဉ်းစား ကြတယ်၊ အမှန်က လုံခြံုရေး တစ်ခုထဲစဉ်းစားတာ မလုံလောက်ပါဘူး။ကျွန်တော်တို့ အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လူတွေရဲ့ လွတ်လပ်ခွင့်ကိုလည်း စဉ်းစားသင့်ပါတယ်”လို့ နေဘုန်းလတ်က ပြောပါတယ်။
စိုးရိမ်မှုများဖြင့် ဆက်လက်သွားနေခြင်း
မကောင်းတဲ့အကျင့်ဆိုတာ ပြင်ဖို့ခက်တယ်ဆိုတဲ့ စကားအတိုင်းပါပဲ စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုတွေရဲ့ အောာက်မှာ မြန်မာအင်တာနက်ဆက်သွယ်မှုက တင်းကြပ်နေဆဲဖြစ်ပါတယ်။အစိုးရအနေနဲ့ ပြည်နှင်ဒါဏ်ပေး ထားတဲ့ မီဒီယာတွေ၊ နိုင်ငံတကာ မီဒီယာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အဖွဲ့တွေရဲ့ အင်တာနက်စာမျက်နှာတွေကို ပိတ်ထားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ Skype (အင်တာနက် မှ အသံဖြင့်ဆက်သွယ်သည့် ဆော့ဖ်ဝဲတမျိုး) အပါအဝင် ဆိုရှယ်အင်တာနက် စာမျက်နှာတစ်ချို့ကိုလဲ ပိတ်ထားခဲ့တာပါ။ အင်တာနက်ဆိုင်တွေရဲ့ ပိုင်ရှင်တွေအနေနဲ့ အင်တာနက်အသုံးပြုသူတွေရဲ့ ကိုယ်ရေးဆိုင်ရာအချက်အလက်တွေကို ရယူဖို့လည်း လိုအပ်နေခဲ့ပါတယ်။
၈လေးလုံး အရေးအခင်းနှစ်ပတ်လည်နဲ့ ရွှေဝါရောင် သံဃာ့အရေးအခင်း နှစ်ပတ်လည်လို အထိခိုက်မခံ နိုင်ငံရေး ရှုပ်ထွေးတဲ့ ကာလတွေမှာဆိုရင် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်သူတွေက အင်တာနက် ဆက်သွယ်မှုလိုင်းတွေကို လျှော့ချခဲ့ကြပါတယ်။နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RWB နဲ့ မြန်မာမီဒီယာ အသင်း BMA ရဲ့ ၂၀၁၀ ခုနှစ် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ အင်တာနက် ထောက်ပံ့မှုစနစ်မှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အင်တာနက် အသုံးပြုသူတွေကို သီးခြားသုံးစွဲစေပြီး အစိုးရဝန်ကြီးဌာနတွေကတော့ လွယ်ကူလျှင်မြန်တဲ့ တခြား နည်းလမ်းသစ်တွေနဲ့ သုံးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီတင်ပြချက်မှာ စစ်ဘက်ဆိုင်ရာတွေကို နိုင်ငံတွင်း အင်တာနက်ထိန်းချုပ်မှုအရာမှာ အထူးကျွမ်းကျင်သူတွေလို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အင်တာနက်နဲ့ ရန်သူ အဖြစ် နယ်စည်းမခြားသတင်းထောက်များအစီရင်ခံစာ ၂၀၁၂ စာရင်းမှာ ထည့်သွင်းခံခဲ့ရသလို တစ်နှစ်ထဲမှာပဲ အမေရိကန်အခြေစိုက် Freedom House ရဲ့ အဆင့် သတ်မှတ်ချက်အရလည်း မြန်မာနိုင်ငံဟာ အင်တာနက် လွတ်လပ်မှုမရှိတဲ့ နယ်မြေ အဖြစ်ဖော်ပြခံခဲ့ရ ပါတယ်။
ဒီနှစ်မှာတော့ အဲဒီ အဖွဲ့အစည်းရဲ့ လွတ်လပ်မှုမရှိတဲ့ နယ်မြေစာရင်းထဲမှာ မြန်မာနိုင်ငံဆက်ရှိနေပေမယ့် လည်း အဖွဲ့အစည်းဆိုင်ရာ မီဒီယာလွတ်လပ်ခွင့် စံနှုန်းသတ်မှတ်ချက်တွေအပိုင်းမှာတော့ ရှေ့ကို အများကြီး ရောက်သွားပြီး တရုတ်နိုင်ငံရဲ့ အထက်ကိုကျော်တက်သွားခဲ့ပါတယ်။
တကယ်တမ်းတော့ ဘယ်လိုပဲ အသစ်တည်ဆောက်မှုတွေရှိနေပါစေ အင်တာနက်ဆိုင်ရာ ဥပဒေဟောင်း ကလဲ ရှိနေဆဲမို့ ဒီဥပဒေဟောင်းကို ပယ်ဖျတ်နိုင်ဖို့ နေဘုန်းလတ်ဟာ ကြိုးစားနေရဆဲပါပဲ။ အီလက်ထရော နစ်ဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပက်သက်ပြီး နေဘုန်းလတ်က အီလက်ထရောနစ်ပစ္စည်းတွေဖြစ်တဲ့ ရေဒီယိုနဲ့ ဖုန်းတွေဝယ်ရင်တောင် ဘာကြောင့် အသေးစိတ်မှတ်တမ်းကောက်ယူဖို့ လိုအပ်တာလဲလို့ အစိုးရကို မေးခွန်း ထုတ်လိုက်ပါတယ်။“ဆက်သွယ်ရေး ကုမဏီတစ်ခုကို စာရင်းစစ်မှတ်တမ်းယူဖို့ လိုအပ်ပေမယ့် ပစ္စည်းအသုံးပြုသူတွေ ကိုတော့ တစ်ဦးချင်း စစ်ဖို့ မလိုအပ်ဘူး”လို့ သူက ပြောပါတယ်။
ဆိုက်ဘာကဖေးပိုင်ရှင်တစ်ဖြစ်လဲ ဘလော့ဂ်ဂါ နေဘုန်းလတ်ဟာ အီလက်ထရောနစ်ဥပဒေမှာ ပြစ်ဒဏ် လျှော့ပေါ့ဖို့နဲ့ တိကျတဲ့ ဖွင့်ဆိုမှုတွေ ဖြစ်ဖို့ ကြိုးစားနေသူပါ။ လက်ရှိ အသက်ဝင်နေသေးတဲ့ ဒီဥပဒေအရ အင်တာနက် သို့မဟုတ် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး နိုင်ငံတော်လျှို့ဝှက်ချက်နဲ့ လုံခြံုရေး ဆိုင်ရာကိစ္စတွေရဲ့ သတင်းအချက်အလက် ပေးပို့တာ သို့မဟုတ် လက်ခံခဲ့ရင် ထောင်ဒဏ် ရ နှစ်မှ ၁၅နှစ်ထိ ချမှတ်နိုင်ပါတယ်။
“Receive (လက်ခံ) ဆိုတာ ဘာအဓိပ္ပါယ်ပါလဲ။ ကိုယ့်အီးမေးလ်ရဲ့ စာအဝင်ထဲ ရောက်တိုင်း Receive မဟုတ်ပါဘူး၊ ကိုယ့်အီးမေးလ်လိပ်စာကို သိတဲ့သူတစ်ယောက်က ကိုယ်စာအဝင်ထဲကို မေးပို့နိုင်တာပဲ ဒါက ကိုယ့်ရဲ့ တာဝန်မဟုတ်ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ Receive ၊ Send (ပေးပို့) နဲ့ Distribute (ဖြန့်ဝေ) ဆိုတဲ့ စကားလုံးတွေရဲ့ အနက်ကို ရှာဖွေကို လိုအပ်တယ်”လို့ နေဘုန်းလတ်က ပြောပါတယ်။
နေဘုန်းလတ်ကို ဒီလိုဥပဒေတွေနဲ့ ပိုင်နိုင်စွာ အကျဉ်းထောင်ထဲ ပို့ခဲ့သလိုပဲ ဒီ သရော်ချင်စရာလည်းကောင်း တဲ့ အာဏာရှင်တွေရဲ့ ဥပဒေကြောင့် သူ့မိတ်ဆွေတွေထဲက သရုပ်ဆောင် လူရွှင်တော် ဇာဂနာ၊ ၈၈ မျိုး ဆက်က တက်ကြွလှုပ်ရှားသူ မင်းကိုနိုင်၊ ကိုကိုကြီးတို့ကိုလည်း အကျဉ်းကျခဲ့ရပါတယ်။
နေဘုန်းလတ်ဟာ သူ့မေးလ်အကောင့်ထဲကနေ တားမြစ်ထားတဲ့ ဗီဒီယိုဖိုင်တစ်ဖိုင်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံ ကာတွန်းတစ်ပုဒ်ကို ရှာဖွေတွေ့ရှိမှုနဲ့ ပြစ်ဒါဏ်ချမှတ်ခံခဲ့ရသူပါ။
သူအကျဉ်းကျခံနေရစဉ်အတွင်းမှာတော့ Cyber Dissidents အဖြစ်နဲ့ နယ်စည်းမခြား သတင်းထောက် များအဖွဲ့ RWB ရဲ့ သတင်းလွပ်လပ်ခွင့်ဆု၊ PEN/Barbara Goldsmith Freedom ကပေးတဲ့ ဆုအပြင် တိုင်းမ်မဂ္ဂဇင်းရဲ့ ၂၀၁၀ ခုနှစ်အတွင်း သူရဲကောင်း ၁၀၀ စာရင်းမှာ ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။
ဥပဒေများအတွက် ၀ဘ်ဆိုဒ်တစ်ခု
Information Matrix အိုင်တီနဲ့ မီဒီယာ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာဦးသောင်းစုငြိမ်းလည်း နေဘုန်းလတ် အပါအဝင် တစ်ခြား သတင်းသမားတွေရဲ့ စိုးရိမ်မှုကို နားလည်သူပါ။ ဒါ့အပြင် သူက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံ ကွန်ပြူတာပညာရှင်အသင်း နဲ့ နည်းပညာဥပဒေမူကြမ်းအတွက် ကူညီပေးနေတဲ့ MIDO နဲ့ အတူနည်းပညာဥပဒေမူကြမ်းကိစ္စတွေမှာ အတူတူ လုပ်ကိုင်လျှက်ရှိတဲ့ မြန်မာကွန်ပြူတာ အသင်းချုပ်မှာ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင်ရဲ့ သားဖြစ်သူ ဦးသောင်းစုငြိမ်းဟာ 7 Day ဂျာနယ်၊ အင်တာနက်ဂျာနယ်နဲ့ အခြားသော စာစောင်တွေကိုထုတ်ဝေနေသူဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လှိမ့်ဝင်လာနေတာကြောင့် အိမ်ခြံမြေစျေးနှုန်းတွေမြင့်တက်လာတဲ့ မြို့တော်ရန်ကုန်မှာ ခြေဆန့်လက်သာရှိတဲ့ ရုံးခန်းသစ် ကိုပိုင်ဆိုင်ထားသူပါ။
ဦးသောင်းစုငြိမ်းဟာ မတူတဲ့နယ်ပယ်တွေမှာ ပါ၀င်လုပ်ဆောင်နေရတာကြောင့် သူ့အနေနဲ့ အမျိုးမျိုးသော ဥပဒေကြမ်းတွေရဲ့ ဆက်နွယ်မှုနဲ့ ယှက်နွယ်မှုတွေကို နားလည်သိရှိနေသူ တဦးပါ။
“အာဏာပိုင်တွေကို တစုံတရာအတွက် လိုင်စင်ချထားခွင့် ပေးလိုက်တဲ့အခါ သူ့ကို လိုင်စင် ပယ်ဖျက်ခွင့် လည်း ပေးလိုက်တယ်လို့ အခြေခံအားဖြင့် ပြောနိုင်ပါတယ်” လို့သူက မှတ်ချက်ချပါတယ်။ “လက်ရှိအစိုးရက အကောင်းဆုံးရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေတယ်ဆိုရင်တောင် နောက်ထပ် လအနည်းငယ်သာ ကျန်တော့တဲ့ ကာလအတွင်း ပြောင်းလဲ မသွားဘူးလို့ ဘယ်သူပြောနိုင်မှာလဲ၊ ဒါကြောင့် ကျွန်တော်တို့က လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ခိုင်ခိုင်မာမာ ရရှိထားဖို့ လိုတယ်”လို့ ဦးသောင်းစုငြိမ်းက ပြောပါတယ်။
လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ သေချာဖို့ သတင်းထောက်တွေဟာ သူတို့လိုလားချက်တွေကို ကျွမ်းကျင်တဲ့ ဥပဒေပိုင်းဆိုင်ရာ အကူအညီရဖို့ နိုင်ငံရေးပါတီ ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ကို အားကိုးကြရပါတယ်။ သို့ပေမယ့် တကယ်ရလာတဲ့ ရလဒ်က မျှော်လင့်ချက်နဲ့ ပြောင်းပြန်ဖြစ်ပြီး တလျှောက်လုံး ဖိနှိပ်ချုပ်ချယ်လာတဲ့ ပုံနှိပ်ဥပဒေရဲ့ ပုံစံသစ် ဥပဒေကြမ်းကို ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက လွှတ်တော်ကိုယ်စားလှယ် တဦးတယောက်မျှ ကန့်ကွက်ခြင်း မရှိပဲ ပြည်သူ့လွှတ်တော် မှာ အတည်ပြုခဲ့တဲ့ အဖြစ်ပါ။
စာနယ်ဇင်းကောင်စီက ဦးကျော်မင်းဆွေ ပြောပြချက်အရတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အန်အယ်လ်ဒီ ပါတီ ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လလယ်က နေပြည်တော်မှာ တွေ့ဆုံခဲ့တာဟာ အလွန်အံ့သြစရာကောင်းပါတယ် တဲ့။
“သူ့ကိုကြည့်ရတာ နိုင်ငံရေးသမားတစ်ယောက်ပုံ အပြည့်အဝပါပဲ။သူက ကျွန်တော်တို့ကို ထောက်ခံမယ်လို့ တိတိပပ မပြောခဲ့ပါဘူး ။ ဘယ်ကိစ္စ၊ ပြဿနာမဆို အနိုင်အရှုံးရှိမှာပါပဲ ကျွန်မကတော့ လူထုအနိုင်ရတာ မြင်ချင်ပါတယ် တကယ် လို့ နိုင်ပြီဆိုရင်တော့ ကျွန်မထောက်ခံသွားမှာပါလို့ ပြောခဲ့တယ်”လို့ ဦးကျော်မင်း ဆွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သတင်းသမားတွေ ဝေဘန်တာနဲ့ ပက်သက်ပြီး NLD ကိုပူးတွဲတည် ထောင်သူ တစ်ဦးဖြစ်သလို နှစ်ကာလကြာရှည်စွာ သတင်းသမားတစ်ဦးလည်း ဖြစ်ခဲ့တဲ့ ဦးဝင်းတင်ကို ရန်ကုန်မြို့က သူ့နေထိုင်ရာ နေအိမ်မှာ မေးတော့ သူကရယ်ပါတယ်။ သူဟာ ပုံနှိပ်ဥပဒေကြမ်းကို လက်မခံတဲ့ တဦး တည်းသော အန်အယ်လ်ဒီခေါင်းဆောင်ဖြစ်ပါတယ်။
အကျဉ်းထောင်က လွတ်မြောက်တာ ၅ နှစ်ကြာပြီ ဖြစ်ပေမယ့် အကျဉ်းသားတွေဝတ်တဲ့ အပြာရောင်ရှပ် အကျင်္ီကိုသာ ၀တ်ဆင်ထားတဲ့ အသက် ၈၄ နှစ်အရွယ် ဦးဝင်းတင်က သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို ကာကွယ်ပြောဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့တန်ဖိုးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် တန်ဖိုးကို ပြောဆိုခဲ့ပေမယ့် ဥပဒေကြမ်းအားလုံးကိုတော့ မဖတ်ကြည့်ရသေးဘူးလို့ ပြောပါတယ်။
ဒါပေမယ့်လည်း ဦးဝင်းတင်က မြန်မာနို်င်ငံရဲ့ အဓိကအတိုက်အခံပါတီတစ်ရပ် အနေနဲ့ မီဒီယာနဲ့ နည်းပညာ ဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆိိုဖို့ကြိုးစားရာမှာ အသက်ကြီးရင့်သူတွေ ဦးဆောင်မှုကြောင့်လည် လိုအပ်ချက် တွေရှိနိုင်တယ်လို့ ၀န်ခံပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အသက်ကြီးရင့်သူ ခေါင်းဆောင်တွေကို နည်းပညာ သုံးလာအောင်နဲ့ နည်းပညာနဲ့ ယဉ်ပါးတဲ့ လူငယ်ခေါင်းဆောင်တွေ ပိုမိုစုဆောင်းသွားဖို့လည်း ဦးဝင်းတင်က ပြောပါတယ်။
“ကျွန်တော်တို့မှာ လူငယ်ခေါင်းဆောင်တွေရှိပြီး အဲဒီထဲက တစ်ချို့က အသက်ငါးဆယ်လောက်ရှိတဲ့ အဖိုးအရွယ်တွေပါ။ ဒါကြောင့် ဒီနှစ်အကုန်ပိုင်းမှတော့ လူငယ်ညီလာခံ တစ်ရပ်လုပ်ဖို့ ကြိုးစားနေပါတယ်” လို့ သူက ပြောပါတယ်။
“အခုတော့ သူတို့မှာ အကန့်အသတ်တွေ ရှိနေပါဦးမယ် မကြာခင်မှာ သူတို့အင်တာနက် အသုံးပြုလာပါမယ်၊ အဲဒီအချက်က ကျွန်တော်တို့ရဲ့ ပါတီဝင်တွေ အသိဉာဏ်ပွင့်လင်းလာစေမှာ ပါ။ ဒါကြောင့် ပါတီဝင်တွေကို မီဒီယာသင်တန်းတွေနဲ့ သတင်းတွေထွက်လာဖို့က ဘယ်လောက် အရေးပါတယ်ဆို တာတွေ နားလည် စေပါတယ်”လို့ ဦးဝင်းတင်က ရှင်းပြပါတယ်။
လွှတ်တော်ထဲက စစ်သားဟောင်းများ
တကယ်တော့ မျက်နှာသစ်လူငယ်တွေကို အခုလိုသင်တန်းပေးလေ့လာစေတာ NLD ပါတီမှ မဟုတ်ပါဘူး။ ဒီဗွီဘီ မာလ်တီမီဒီယာဂရုရဲ့ မြန်မာနိုင်ငံရန်ကုန်မြို့က တက်ကြွလှုပ်ရှားနေတဲ့ သတင်းခန်းမှာ တိုးဇော် လတ်ဟာ သူတို့ သတင်းအဖွဲ့အစည်းအနေနဲ့ လုပ်ငန်းဆောင်တာအားလုံး ရန်ကုန်မြို့မှာ ရွှေ့ပြောင်းပြီး လုပ်ကိုင်နိုင်မလားဆိုတဲ့ အချက်ကို မတင်မကျဖြစ်နေပါတယ်။
“ကျွန်တော်တို့ အနေနဲ့လည်း အခုနောက်ထပ်ဖြစ်လာမယ့် ရုပ်သံထုတ်လွွှင့်မှုဆိုင်ရာ ဥပဒေက ဘယ်လိုပုံ လဲဆို တဲ့အပေါ် တော်တော်လေး အာရုံစိုက်နေကြပါတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင် လွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေကိုတိုင် ဒီမီဒီယာဥပဒေနဲ့ ပါက်သက်ပြီး ထဲထဲဝင်ဝင်သိရဲ့လားဆိုတာ သံသယဖြစ်မိတယ်။ အများစုက စစ်မှုဆိုင်ရာ ၀န်ထမ်းဟောင်းတွေ ဖြစ်ခဲ့တော့လေ”လို့ DVB ရန်ကုန်ရုံး တာဝန်ခံ ဦးတိုးဇော်လတ်က ပြောပါတယ်။
အရင် စစ်အစိုးရခေါင်းဆောင် အများဆုံးပါ၀င်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တိုင်းပြည်မှာ အာဏာရှိတဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ အနေအထားမှာ မြန်မာ့အခြေခံဥပဒေက လွှတ်တော်ထဲမှာရှိတဲ့ နေရာ ၄ ပုံ ၁ ပုံကို စစ်တပ်အတွက် ဖယ်ထားပေးရပါတယ်။
ပြည်ပအခြေစိုက်နဲ့ လုပ်ကိုင်စဉ်က ဒီမိုကရက်တစ်ဗမာ့ အသံအဖြစ် သိရှိခဲ့တဲ့ DVB သတင်းဋ္ဌာနအနေနဲ့ ယမန်နှစ်က ပြည်တော်ပြန်ဝင်လာတဲ့အခါ အမည်ကို မပြောင်းမဖြစ် ပြောင်းလဲခဲ့ရပါတယ်။ ဒါပေမယ့် ဥပဒေပိုင်းဆိုင်ရာ မရေရာမှုကြောင့် ဒီဗွီဘီဟာ ချင်းမိုင်ရုံးကိုတော့ တစိတ်တပိုင်းအားဖြင့် ထိန်းသိမ်းထား မယ်လို့ တိုးဇော်လတ်က ပြောပါတယ်။
သူက ရုပ်သံ ဥပဒေသစ် ရေးဆွဲရာမှာ ဥပဒေပြုသူတွေရဲ့ မီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာနဲ့ နည်းပညာဆိုင်ရာ အားနည်းမှုဟာ အဓိကစိုးရိမ်စရာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“တကယ်လို့သာ တီဗီနဲ့့ ရုပ်သံလွှင့်ဌာနတွေကို လုပ်ပိုင်ခွင့်တွေသုံးပြီး အကြောင်းအရာတွေအပေါ် ထိန်းချုပ်မှုတွေလုပ်လာမယ် ဆိုရင် ကျွန်တော် တို့ စဉ်းစားရမယ့်အချက်ဖြစ်လာပါပြီ။ ဘာကြောင့်ဆို ဥပမာအားဖြင့် ကိုယ့်တင်ပြမယ့် အကြောင်းအရာထဲမှာ ဘယ်ဟာကိုဘယ်လောက်ပဲ တင်ပြပါ ဆိုတာမျိုး လုပ်လာခဲ့ရင်ပေါ့ ”လို့ သူက ပြောပါတယ်။
ဦးတိုးဇော်လတ်က DVB မြန်မာနိုင်ငံတွင်း ပြန်လည်ရွှေ့ပြောင်းရာမှာ ရုပ်သံမီဒီယာ ဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာ လွဲချော်မှုနဲ့ ကန့်သတ်မှု တွေရှိမှာလည်း စိုးရိမ်မိတယ်လို့ ပြောပါတယ်။ “ နည်းပညာပိုင်း တခုခုမှားယွင်းလို့ တီဗွီမှာ အရုပ်မပေါ်လာတာမျိုးဆိုရင် ပရိသတ်က နောက်ကွယ်က အခြေအနေကို နားမလည်နိုင်ဘူးလေ”လို့ သူကထပ်လောင်း ပြောဆိုပါတယ်။
MIDO အနေနဲ့ နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်တွအကြား မီဒီယာလွတ်လပ်ခွင့်နဲ့ ICT နည်းပညာဆိုင်ရာ ဗဟုသုတနဲ့ အသိပညာမြှင့်တက်လာအောင် အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်နေတယ်လို့ နေဘုန်းလတ်က ပြောပါတယ်။
MIDO အနေနဲ့ ဒီလို ဆွေးနွေးပွဲပြုလုပ်ရုံလောက်နဲ့လဲ ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ “ကျွန်တော်တို့အနေ နဲ့ အစိုးရပိုင်းနဲ့ နည်းပညာဆိုင်ရာ အန်ဂျီအို အဖွဲ့တွေကြား ဆက်သွယ်ပေးဖို့ ကြိုးစားနေပါတယ်” လို့ပြောဆိုပြီး “၂၀၁၅ ခုနှစ်မတိုင်မီမှာ အိုင်တီကျွမ်းကျင်သူ တချို့ကို လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရွေးခံဖို့ တွန်းအား ပေးမှာပါ၊ (ကိုယ်စားလှယ်)တွေက ICT နယ်ပယ်အတွက် ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြုပေးချင်ကြ တယ်၊ ဒါပေမယ့် သူတို့လုံလောက်တဲ့ ဗဟုသုတမရှိကြတော့ မလုပ်နိုင်ကြဘူး ” လို့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။
ဆိုက်ဘာမှုခင်းများအတွက် ဥပေဒေ လိုအပ်နေ
လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အင်တာနက်သုံးသူ အခွင့်အရေး အတွက် သူကြိုးစားလုပ်ဆောင်နေ ချိန်မှာ ၀က်ဘ ဆိုက်နဲ့ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေ လိုအပ်နေတယ်လို့ နေဘုန်းလတ်က ယုံကြည် ထားပါတယ်။ သူက ၀က်ဘဆိုက် ဖောက်ခံရခြင်း (hacking)၊ phishing နဲ့ အွန်လိုင်းပေါ်မှ ခိုးယူခြင်း တွေကိုလည်း ဆိုင်ဘာပြစ်မှု အဖြစ်နဲ့ ဥပဒေမှာ ထည့်သွင်းဖို့ တွန်းအားပေးနေပါတယ်။
“ဆိုက်ဘာပြစ်မှုတွေက လာမယ့်အနာဂတ်မှာ ထပ်တိုးပြီးဖြစ်နေဦးမှာပဲ။ တကယ်လို့ တစ်စုံတစ်ယောက်က ကျူးလွန်ခဲ့မယ်ဆိုရင် ဒီကျူးလွန်မှုကြောင့် ခံစားရမယ့် သားကောင်တွေ ပေါ်လာဦးမှာ” လို့သူက ပြောပြပါတယ်။
“ဒီမှာ အွန်လိုင်းအသုံးပြုသူအများစု ပြဿနာတက်လို့ ရဲစခန်းကို သွားတိုင်ရင် ရဲက အိုင်စီတီနည်းပညာ နားမလည်တော့ အရေးယူဖို့လဲ အခက်တွေ့မယ်။ ကျွန်တော်တို့မှာ ဆိုင်ဘာဥပဒေနဲ့ ဒီလို ပြစ်မှုတွေကိုကိုင်တွယ်နိုင်မယ့် အိုင်စီတီကျွမ်းကျင်တဲ့ ရဲအရာရှိတွေလဲ လိုအပ်နေတယ်”လို့ နေဘုန်းလတ်က ပြောပါတယ်။
Eleven Media Group ရဲ့ ရုပ်သံနဲ့ အွန်လိုင်းအယ်ဒီတာ ဇော်ရဲနောင် ကလဲ ဒီသုံးသပ်ချက်ကို ထောက်ခံပါတယ်။ သူက မြန်မာနိုင်ငံမှာ သတင်းပိုင်းမှာ လူသိအများဆုံး ၀က်ဘဆိုဒ်တစ်ခုဖြစ်တဲ့ Eleven Media စာမျက်နှာတောင် ပြီးခဲ့တဲ့ ၂နှစ်အတွင်းမှာ လေးခါထက်မနဲ ဖောက်ခံ ခဲ့ရတယ်လို့ ပြောပါတယ်။
“အရင်တုန်းက အခုလို ဖောက်ခံရတဲ့အတွက် နိုင်ငံတော်ကိုပဲ အပြစ်တင်ခဲ့ပေမယ့် အခုချိန်မှာတော့ဘယ်သူ့ ကို ပြောရမလဲ မသိတော့ဘူး၊ ဖောက်တဲ့ အိုင်ပီ လိပ်စာတွေနောက် လိုက်ကြည့်တော့လည်း ဟောင်ကောင်၊ အမေရိက၊ တရုတ်နဲ့ ရုရှား စတဲ့နေရာတွေ ပြန့်နေတော့ ဘယ်သူလို့ ပြောရမှန်းမ သိတော့ဘူး” လို့ဇော်ရဲ နောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာ ဧရာဝတီမဂ္ဂဇင်းရဲ့ သတင်းထုတ်ပြန်ချက်အရ Blink Hacker Group လို့ခေါ်တဲ့ အဖွဲ့က မြန်မာနိုင်ငံရဲ့ တရားဝင် အရှေ့တောင်အာရှ အားကစားပွဲတော် ၀က်ဘဆိုက် နဲ့ အခြား Eleven Media ၊ Iron Cross ရော့ခ်အဖွဲ့၊ Myanmar Gamers၊ ရတနာပုံတယ်လီပို့၊ Red Link နဲ့ ဧရာဝတီ
သတင်းအေဂျင်စီ တွေကို ဖောက်ခဲ့တယ်လို့ သိရပါတယ်။
“သူတို့ ဖောက်တဲ့အခါ ငွေပေးချေစနစ် (အွန်လိုင်းငွေချေမှု) ရှိတဲ့ဟာကို ဘာကြောင့် မလုပ်တာလဲ။ ကျွန်တော်တို့က ပိုက်ဆံပေးချေပြီးကြည့်ရတဲ့ ၀ဘ်ဆိုက်တွေမဟုတ်ပါဘူး သတင်းဝက််ဆိုက်တွေပါ။ ဒါပေမယ့် အခုလိုဟက်ခ်ကာ တွေ ရှိနေတော့ ကျွန်တော်တို့ ပရိသတ်ကို ဘယ်လိုမျက်နှာပြရပါ့မလဲ။ ဘယ်သူ့ကို တရားစွဲရမလဲ။ ဟက်ခ်ကာကရော ဘယ်သူလဲ” လို့ ၎င်းက မေးခွန်းထုတ်လိုက်ပါတယ်။
တစ်ဦးချင်းဆိုင်ရာ ဆက်သွယ်မှု
ဒါပေမယ့်သူအပါအဝင် သတင်းသမားအများစုက အစိုးရရဲ့ ဖေ့စ်ဘွတ်လို အွန်လိုင်းပေါ်မှာ လူမျိုးရေး ဘာသာရေး အမုန်းပွားအောင် ရေးသားတာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ အစိုးရစစ်တပ်တို့အကြား ရန်စောင်မှုဖြစ်အောင် ရေးသားမှုတွေအပေါ် စည်းမျဉ်းစည်းကမ်း ကန့်သတ်မယ့် အဆိုကို ဆန့်ကျင်ကြ ပါတယ်။
ပြန်ကြားရေးဌာန ဒုဝန်ကြီးဦးရဲထွဋ်က ပြီးခဲ့တဲ့ ဇူလိုင်မှာ “ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့လည်း အများ ပြည်သူ့ဝန်ဆောင်မှု မီဒီယာ သင်တန်းတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အစိုးရအနေနဲ့ လူတွေကို ပိတ်ဆို့တာမျိုး လုပ်ဖို့ ရည်ရွယ်ချက် မရှိပေမယ့် ဥပဒေနဲ့ ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့ကတော့ တားဆီးရမှာပါပဲ”လို့ ပြောခဲ့ပါတယ်။
နေဘုန်းလတ်က အစိုးရရဲ့ စည်းမျဉ်းတွေကိုလဲ မနှစ်သက်လှဘူးလို့ ပြောပါတယ်။ “ကျွန်တော်က တကယ်အသုံးပြုသူတွေ ချမှတ်တဲ့ စည်းမျဉ်းမျိုးကိုလိုချင်တာ။ကျွန်တော်တို့ ကိုယ့်ဘာသာကိုထိန်းသိမ်း ကြပ်မတ်နိုင်တယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် ဘက်မျှအောင် အပြန်အလှန်စောင့် ကြည့် လုပ်ဆောင်မယ်။ ကျွန်တော်တို့ ကိုယ့်စည်းမျဉ်းကို ကိုယ့်ဘာသာကိုယ် ချမှတ်မယ်။ ဒါဟာ အဖြေပဲ။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် လုပ်ဆောင်နိုင်ပါတယ်။ အစိုးရက လိုက်ကြပ်မတ်စရာ မလိုပါဘူး” လို့ပြောပါတယ်။
သူက ပြောလက်စ စကားကို ခဏရပ်လိုက်ပြီး ဆက်ပြောပါတယ်။ “တကယ်တော့ ရေရှည်အတွက် အဖြေကတော့ ပညာရေးစနစ်ထဲမှာပါ။ တကယ်လို့ ကျွန်တော်တို့သာ အိုင်စီတီကဏ္ဍကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းနိုင်မယ်ဆိုရင် ကျောင်းသားတိုင်းက အိုင်စီတီရဲ့ သဘာဝကို သိလာမယ်၊ အိုင်စီတီကို ထိရောက် အောင်သုံးစွဲလာနိုင်မယ်၊ အဲဒါက သူတို့ကိုယ်တိုင်ရဲ့ ဖွံ့ဖြိုးမှု အတွက်ဖြစ်သလို လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးမှုလည်း ဖြစ်ပါတယ်” လို့ ဆက်ပြီး ပြောပါတယ်။
သူ့ရဲ့ အလုပ်ဟာ သူ့နဲ့ လိုက်ဖက်တယ်လို့ နေဘုန်းလတ်က သိပါတယ်။ ယခုလက်ရှိ အခြေခံအဆောက်အဦ ညံ့ဖျင်းတာ၊ ကဏ္ဍအသီးသီးမှာ နိုးကြားမှု အသိနဲ့ စွမ်းဆောင်ရည် နည်းပါးတာတွေက ထပ်ပြီးစည်းရုံး ပြောဆိုဖို့ ကိစ္စရပ်တွေဖြစ်လာပါတယ်။ မြန်မာနိုင်ငံ ဆိုင်ဘာနယ်ပယ်မှာ အပြောင်းအလဲတွေရှိလာခြင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ အရွယ်မရောက်သေးတဲ့ အဖြစ်ကို လွတ်လပ်စွာပြောဆိုခွင့် လှုပ်ရှားတဲ့ သူနဲ့ အခြားသူတွေ သတိပြုမိကြပါတယ်။ အခုတောင် သူတို့အနေနဲ့ လုပ်ဆောင်ရမယ့် အလုပ်တွေနောက် ကျနေပြီ လို့လည်း ခံစားနေရပါတယ်။
“အနာဂတ်အတွက် ကျွန်တော်စိုးရိမ်တယ် ” လို့ နေဘုန်းလတ်က ပြောပြီး “ တချိန်ထဲမှာပဲ ကျွန်တော်တို့ အစိုးရနဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားရမယ်၊ အဖြေကတော့ သဘောထား တင်းမာသူ၊ စစ်တပ်က အရာရှိကြီးတွေ စတဲ့ သူတို့ကို ဘယ်လောက် စည်းရုံးပြောဆိုနိုင်လဲ ဆိုတာပဲ၊ ကျွန်တော် တို့တိုင်း ပြည်ရဲ့ ပန်းတိုင်ကတော့ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် သူတို့ကို ဘယ်လောက်ထိ ကျွန်တော်တို့က စည်းရုံးပြောဆို နိုင်သလဲဆိုတာပါပဲ” လို့ ပြောဆိုလိုက်ပါတယ်။
မြန်မာဘာသာပြန်ဆိုသူ - မြင့်ကျော် (သတင်းစာပညာ သင်တန်းဆရာ)
* Ayee Macaraig သည် အရှေ့တောင်အာရှ သတင်းမဟာမိတ်အဖွဲ့၏ ၂၀၁၃ ခုုနှစ်ဖဲလိုုးရှစ် “SEAPA Journalism Fellowship Program” ရရှိသူ ၆ ဦးအနက်မှ တစ်ဦးဖြစ်ပါသည်။ ယခုုဆောင်းပါးမှာ “Freedom of Expression-Challenges to Internet Governance in Southeast Asia” ခေါင်းစဉ်ပါ အစီအစဉ်အတွက် ရေးသားသည့် ဆောင်းပါးတပုုဒ်ဖြစ်၍ ဖိလစ်ပိုုင်နိုုင်ငံ၊ မနီလာမြို့အခြေစိုက် www.rappler.com တွင် ပထမဆုံုး ဖေါ်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။ ယခုုဆောင်းပါးကုုိ မြန်မာနိုုင်ငံတွင်း ထုုတ်ဝေသော သတင်းဂျာနယ်များနှင့် အွန်လိုုင်းသတင်းများအတွက် SEAPA မှ ပြန်လည်ဝေမျှပါသည်။