မပစ်ခတ်ရန် KIO ညွန်ကြားထားသော်လည်း တိုက်ပွဲ ဆက်ဖြစ်

မပစ်ခတ်ရန် KIO ညွန်ကြားထားသော်လည်း တိုက်ပွဲ ဆက်ဖြစ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသတွင် အစိုးရတပ်များအား ချောင်းပစ်ခြင်း ဝင်ရောက်ပစ်ခတ်ခြင်းမပြုရန် KIO ဗဟိုဌာန ချုပ်မှ ညွှန်ကြားထားသော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

“အထက်လူကြီးတွေက သွားပြီးမပစ်ဖို့ ချောင်းပြီးမပစ်ဖို့ပြောတာ သူတို့ဘက်က ပုန်းပြီးတော့ ကျနော်တို့ရှိ တဲ့နေ ရာကိုလာပစ်တော့ မတတ်နိုင်ဘူး ပစ်ရတော့တာ အစိုးရတပ်ကအထက်တောင်ကနေ ဝိုင်းပြီးလာတာ” ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူးဗိုလ်မှူး ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ရှေ့တန်းမှ KIA စစ်သားများ။

ယမန်နေ့ ၂၁ ရက်နေ့ ညနေ ၃ နာရီချိန်တွင် အစိုးရတပ် စကခ ၂၁ အောက် နည်းဗျူဟာ (၁၊ ၂၊ ၃) မှ စစ်ကြောင်း ၂ ကြောင်း အင်အား ၁၀၀ ခန့်ဖြင့် နမ်လင်းပါအနီးရှိ KIA တပ်ရင်း (၁၂) ကို ဝင်ရောက်တိုက် ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၂ ရှိသည့် နမ်လင်းပါဒုက္ခသည်စခန်းကို နိုဝင်ဘာ ၂၁ရက်နေ့ ညတွင် အစိုးရတပ်မှ သိမ်းပိုက်လိုက်သော်လည်း နောက်တစ်နေ့တွင် ၎င်းဒုက္ခသည်စခန်းမှ ဆန်အိတ် ၅ အိတ်ကိုသယ်ပြီး စခန်းမှ ယာယီပြန်ဆုတ်ထားကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် အစိုးရတပ်ဖက်မှ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်းပြောဆိုသော်လည်း အတည်ပြုချက်မရရှိခဲ့ပေ။

ပြီးခဲ့သည့် ဇွန်လမှ ယခုချိန်ထိ အစိုးရတပ်များနှင့် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA တပ်ရင်း (၁၂) ဖက်တွင် စစ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး သေဆုံးခဲ့သည်ဟု တပ်ရင်းမှူးကပြောသည်။

Most read this week