အစိုးရတပ်များ လှုပ်ရှားနေသော်လည်း ပစ်ခတ်မှုမပြုရန် KIA တပ်များအား ညွန်ကြားထား

အစိုးရတပ်များ လှုပ်ရှားနေသော်လည်း ပစ်ခတ်မှုမပြုရန် KIA တပ်များအား ညွန်ကြားထား
by -
ကေအဲန်ဂျီ

တိုက်ပွဲများဆက်တိုက်ဖြစ်ပွား၍ တင်းမာနေသော ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ (၃)တပ်ရင်း (၁၂) ဒေသက ကျေးရွာပေါင်း ၂၀ ကျော်တွင် အစိုးရတပ်များတပ်ချလှုပ်ရှားနေသော်လည်း ယမန်နေ့မှ ပစ်ခတ်မှုမပြုရန် KIO ဖက်မှ ညွှန်ကြားလိုက်သည်။

ထိုသို့ အစိုးရတပ်များလှုပ်ရှားနေသော နေရာများတွင် ပစ်ခတ်မှုဦးစွာမပြုလုပ်ရန် ဌာနချုပ်မှ ညွန်ကြား လိုက်သောကြောင့် အပစ်ရပ်ထားရကြောင်း တပ်ရင်း (၁၂) မှပြောသည်။

“ကျနော်တို့ဘက်က သူတို့ရှိတဲ့နေရာကို အထက်ကနေ မပစ်ဖို့ညွွှှန်ကြားလာတဲ့အတွက် မပစ်ဘူး။ မြင်တဲ့ နေရာမှာရှိနေကြတယ် မီတာ ၁၀၀ လောက်မှာဘဲ ကျနော်တို့ဘက်က အရင်မပစ်ဖို့ပေါ့ သူတို့လည်း မတိုး လာဘူးဆိုတော့ မပစ်ဘူး” ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင် ပြောသည်။

သို့သော်ယမန်နေ့ညတွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း အစိုးရတပ်များသည် ခပရာယန်ရွာနှင့် ဒန်အောင်ဂျာရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာသား ၃၀ ကျော်သည် ကြောက်ရွံ့ ထိတ်လန့်ကာ မိုင်းခေါင်ဒုက္ခသည်စခန်းသို့ ထပ်မံထွက်ပြေး တိမ်းရှောင်လာကြောင်း ဒေသခံများမှသိရသည်။

အစိုးရတပ်သည် မန်စီမြို့နယ်အတွင်းရှိ KIO ထိန်းချုပ်နယ်မြေရွာများဖြစ်သော မုန်းဒိန်ပါ၊ မခေါ်ယန်၊ ကောင်ရွန်၊ ကောင်းခါးပါ၊ ဒန်အောင်ဂျာ၊ မဂါယိုင်၊ မုန်းလူ၊ လိုင်ကာဇွပ်ဂျာ၊ ဂျေဆောန်၊ ခပရာယန်၊ နမ်ခန်၊ မန်သာ၊ နမ်ကောင်၊ ဟန်ထက်၊ နမ်ခန်၊ ဂျေဦး၊ သံတံတား၊ နမ်ဖူ၊ မုန်းလု၊ ကောင်ဂျာရွာများတွင် တပ်ချကာယခုအပတ်အတွင်း နမ်လင်းပါရွာ ဒုက္ခသည်စခန်းကိုလည်း သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့အစိုးရတပ်များ ဆက်လက်တိုက်ခိုက်နေရာယူလာသောကြောင့် ဒေသခံများ ထပ်မံထွက်ပြေးတိမ်း ရှောင်နေရကာ နမ်လင်းပါဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် မန်ဝင်းလဂါတ်ယန် ဒုက္ခသည်စခန်းသို့ ဆက်လက်တိမ်းရှောင်လာပြီး ယမန်နေ့ညတွင် ကျောင်းသားအချို့နှင့်မိဘများ ၁၅၀ ကျော်ဦးစွာရောက်လာကြောင်း စခန်းမှသိရသည်။

ထို့အတူ ယနေ့တွင်လည်း နမ်လင်းပါဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည် တရုတ်နယ်စပ်လနားဇွပ်ဂျာ ဒုက္ခသည် စခန်းသို့ ကျောင်းသားနှင့်မိဘများ ၂၇၀ ကျော်ထပ်မံ ရောက်ရှိလာရာ လမ်းခရီးတွင် ကျန်နေသေး ကြောင်း သိရသည်။

နမ်လင်းပါရွာ မြောက်ဘက်ရှိ ကောင်းခါးပါနှင့် ဂျေဆောန်ရွာမှ ထွက်ပြေးတိမ်းရှောင်လာသော ရွာသား ၁၀၀ ကျော်ကိုလည်း ယမန်နေ့တွင် မိုင်းခေါင်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သွားကြိုခဲ့ကြောင်း မိုင်းခေါင် အသင်းတော် အထွေထွေအတွင်းရေးမှူး ဆရာ Damau Naw Ja ကချင်သတင်းဌာန (KNG) သို့ပြောသည်။

“ဂျေဆောန်နဲ့ ကောင်းခါးပါ၊ မုန်းလူကြားမှာ ဆိုင်ကယ်နဲ့ ပစ္စည်းတွေကို ထုတ်ပြီးတော့ ဂျေဆောန်ရောက် တာနဲ့ ကား ၂ စင်းနဲ့ကြိုခဲ့တယ် ညနေ ၅ နာရီကျော်မှာ မိုင်းခေါင် ဒုက္ခသည်စခန်းထဲရောက်တယ်”

မိုင်းခေါင် ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၆၀၀ ကျော်ရှိရာ ဒုက္ခသည်များ ဆက်လက်တိုး နေဆဲဖြစ်သော ကြောင့် ဒုက္ခသည်များအတွက် စားဝတ်နေရေး၊ ရေချိုးခန်းများ အဓိကကူညီမှုလိုအပ်နေကြောင်းသိရသည်။ ထိ့ုပြင် ဒုက္ခသည် စခန်းမှ ကျောင်းသူကျောင်းသားများ ၁၄၀ ကျော်လည်း ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာအုပ် ကိရိယာများ အရေးကြီးလိုအပ်နေကြောင်းသိရသည်။

အစိုးရတပ်မှ နည်းဗျူဟာ (၅) ခု တပ်ရင်း ၁၅ ခုဖြင့် KIO ထိန်းချုပ်နယ်မြေ တပ်မဟာ (၃) တပ်ရင်း(၂၇)နှင့် တပ်ရင်း (၁၂) ဒေသတွင် အင်အား ၃၀၀၀ ကျော် တပ်ချလှုပ်ရှားနေပြီး ယခုချိန် နမ်လင်းပါ ဒုက္ခသည် စခန်းတွင် တပ်ရင်း ၄ ခု စစ်အင်အား ၄၀၀ ကျော်ဖြင့် လှုပ်ရှားနေကြောင်းသိရသည်။

ယခုချိန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO  ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်သည်လည်း ပထမဦးဆုံး အကြိမ်ဖြစ် ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၈ ရက်မှ ရောက်ရှိနေပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် မြန်မာငြိမ်းချမ်းရေး စင်တာတွင် တွေ့ဆုံကာ ပြည်သူလူထုများနှင့်လည်း သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်ဂွမ်မော်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေး ပါတီများ ဆွေးနွေးပွဲသို့ သွားရောက်ရန်ရောက်ရှိလာခြင်းလည်းဖြစ်သည်။

ထို့ကြောင့် KIO စစ်ဦးစီးချုပ်၏ ရန်ကုန်မြို့ပထမခရီးစဉ်တွင် အစိုးရတပ်များနှင့် KIA တပ်များ လက်ရှိတင်း မာနေသော တပ်မဟာ (၃) နယ်မြေသို့ မြန်မာ့တပ်မတော်များ လှုပ်ရှားနေသော်လည်း ပစ်ခတ်မှုမပြုလုပ်ရန် KIA ရှေ့တန်းတပ်များအား ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း KIO အရာရှိများပြောသည်။

Most read this week