ချင်းတိုးတက်ရေးပါတီ( CPP)မှ ပူးပေါင်းရေး လိုလားသူများ နှင့် ချင်းအမျိူးသားပါတီ (CNP ) ခေါင်းဆောင်း များ ချင်းအမျိူးသားညီလာခံအပြီး နိုဝင်ဘာ ၁၅ ရက်နေ့ညနေပိုင်းက ဟားခါးမြို့ ကာဆင် ခန်းမတွင် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပြီး တစ်ပါတီအဖြစ် ပူးပေါင်းရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် CNP နှင့် CPP ဘက်မှ ပါတီကိုယ်စားလှယ်စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြပြီး CPP ပါတီထဲမှ ပူးပေါင်းရေးလိုလားသူများသည် CNP ပါတီ နှင့် ပူးပေါင်းကာ Chin National Progressive Party (CNPP) ချင်းအမျိူးသားတိုးတက်ရေးပါတီတရပ်အနေဖြင့် ရပ်တည်သွားကြရန် သဘောတူ ဆုံးဖြတ် ခဲ့ကြသည်ဟု ချင်းတိုးတက်ရေးပါတီမှ လက်ရှိအတွင်းရေးမှူး(၁) တာဝန်ယူထားသော ဦးဒိုင်ထုန်းက ပြောသည်။
“ အဓိကတော့ ပူးပေါင်းဖို့သဘောတူတယ်၊ ပူးပေါင်းရင် စီပီပီက ကျန်ခဲ့မယ်၊ ကျနော်တို့က စီပီပီကနေ ထွက်မယ်၊ စီအဲန်ပီလည်း ကျနော်တို့နဲ့ ပူးပေါင်းရင် စီအဲန်ပီ နာမည်မဟုတ်တော့ဘဲနဲ့ စီအဲန်ပီပီ နာမည်ခံ ယူပြီးတော့မှ သူတို့ရဲ့ မှတ်ပုံတင်နံဘတ် ၂၁ ကိုနာမည်ပြောင်းမယ် အဲဒီကျတော့ စီအဲန်ပီရယ်၊ ကျနော်တို့ စီပီပီ ပူပေါင်းလူတဲ့လူတွေ တစ်ပါတီထဲဖြစ်သွားမယ် နာမည်ကတော့ စီအဲန်ပီပီပေါ့နော် Chin National Progressive Party အနေနဲ့ရပ်တည်မယ် အဓိကတော့ ဒါဘဲ’’ ဟု ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲက ချင်းကိုယ်စားပြုပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ဦးနိုးထန်ကပ်ဦး ဆောင်သည့် CPP ပါတီ နှင့် ဦးဇိုဇမ် ဦးဆောင်သော CNP ပါတီတို့သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် နှစ်ပါတီမှ တစ် ပါတီ အဖြစ် ပူးပေါင်းရပ်တည်ကြရန် အကြိမ်ကြိမ်တိုင်ပင်ဆွေးနွေးညှိနှိုင်းခဲ့ကြ သော်လည်း မူဝါဒရေးရာသဘောထား ကွဲလွဲမှုများရှိသောကြောင့် ပူးပေါင်းရေးလုပ်ငန်းစဉ်များရပ်တန့် ခဲ့ရသည်။
သို့သော်လည်း ချင်းတိုးတက်ရေးပါတီထဲမှ ဒုဥက္ကဌ ဦးလျန်ကျယ်၊ အတွင်းရေးမှူး (၁) ဦးဒိုင်ထုန်း၊ လွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်လျံလွယ်တို့ ဦးဆောင်သော ပူးပေါင်းရေး လိုလားသူများက ချင်းအမျိူး သားပါတီ နှင့် ပူးပေါင်းပြီး CNPP ပါတီသစ်တခုအနေဖြင့်ရပ်တည်သွားရန် သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ် သည်။
ယခုလို ပူးပေါင်းရန် သဘောတူခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ဦးဒိုင်ထုန်းက “ဖြစ်နိုင်ရင်တော့ ချင်းတွေအား လုံး တစ်ပါတီထဲဖြစ်ချင်တယ်၊ အင်အားကြီးဖို့ပေါ့ အင်အားကြီးလို့ရှိရင် နောက်ပိုင်းရွေး ကောက်ပွဲတွေမှာ အဓိကယှဉ် ရမှာက USDP ပေါ့နော်၊ နောက် NLD ပေါ့ အရင်ကလည်း ယှဉ်တော့ယှဉ်ခဲ့တာ ဘဲ ၂ ပါတီနဲ့ ယှဉ်တဲ့အခါကျတော့ မနိုင်ခဲ့ဘူး၊ အဓိကတော့ ရွေးကောက်ပွဲအနိုင်ရရေးပေါ့ ရွေးကောက်ပွဲအနိုင်ရရင် အစိုးရဖွဲ့ နိုင်ဖို့ပေါ့” ဟု ပြောသည်။
ပါတီအမည်ပြောင်းရေးအတွက် ကော်မတီကို တစ်ပါတီလျင် ၃ ဦးစီဖြင့် ဖွဲ့စည်းရန် နှင့် တစ်ပတ်အတွင်း ကော်မတီဝင် အမည်စာရင်းတင်သွင်းကြမည်ဟုသိရသည်။ ထို့နောက် လာမည့် ဒီဇင်ဘာလ ပထမပတ်တွင် ပါတီအမည်ပြောင်းတင် ရန် နှင့် အမည်ပြောင်းခွင့်ပြုချက်ရရှိပြီ တစ်ပတ်အတွင်း အစည်းအဝေးခေါ်ယူကျင်း ပရန်သဘောတူညီခဲ့ကြသည်ဟု သိရသည်။
ချင်းအမျိူးသားပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၉ နေရာရရှိခဲ့ပြီး ချင်းတိုးတက် ရေးပါတီသည် လွှတ်တော်အမတ်နေရာ ၁၂ နေရာရရှိထားကြသည်။