ABSDFနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံမည်

ABSDFနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တွေ့ဆုံမည်
by -
မဇ္ဈိမ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့တို့ နိုဝင်ဘာလ တတိယပတ်တွင် တွေ့ဆုံမည်ဟု ABSDF အနောက်ပိုင်း(အန္ဒိယနိုင်ငံ၊ မဏိပူရ်)ကိုယ်စားလှယ် ဦးဇင်နိုင်က မဇ္ဈိမကို ပြောသည်။

“နှစ်ဘက်တင် မကဘဲနဲ့ အကုန်လုံးပါမှ ပြောလို့ရမှာတွေ ရှိတယ်။  ဆွေးနွေးပွဲအတွက်ဘာတွေလိုမလဲ ပြင်ဆင်မယ်။ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှာလည်းရှိတယ်။ တပ်နေရာချထားရေးအတွက် code of conduct နှစ်ဘက်လိုက်နာရမယ့် စည်းကမ်းတွေ၊ သွားလာရေးကိစ္စ၊ သဘောတူထားတဲ့ ဆက်ဆံရေး ရုံးတွေ ဖွင့်ဖို့၊ စီးပွားရေး ရုံးတွေ ဖွင့်ဖို့ ဆွေးနွေးသွားမယ်”ဟု ဦးဇင်နိုင်က ပြောသည်။

ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေးအဆင့်အထိ ဆွေးနွေးပြီးသည့် ABSDF အနေဖြင့် ဆက်ဆံရေးရုံးများဖွင့်လှစ်ရန် သက်ဆိုင်ရာ ပြည်နယ်အစိုးရ ၀န်ကြီးချုပ် ၊ နယ်မြေ ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ (နယ်/လုံ)တို့ဖြင့် ရုံးခန်းနေရာ၊ မြေနေရာ ကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်သည်။

သို့သော် ယင်းသို့တွေ့ဆုံဆွေးနွေးမည့် နေရာကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အစိုးရနှင့် ABSDF တို့သဘောတူညီထားသည့် ဆက်ဆံရေးရုံးဖွင့်လှစ်ရန် နေရာများမှာ မြဝတီ၊ မူဆယ်၊ ကလေးမြို့၊ လှိုင်ကော် နှင့် ဘုရားသုံးဆူ တို့တွင်ဖြစ်သည်။

“တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကတော့ ဆက်သွားမှာပဲလေ။ နောက်ပြီးတော့ အပစ်အခတ် ရပ်စဲရေးကိုလည်း အဖွဲ့တိုင်းနဲ့ ခိုင်မာအောင် လုပ်သွားမှာပဲလေ” ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြံပေးအဖွဲ့ဝင် ဦးအောင်နိုင်ဦးက မဇ္ဈိမကိုပြောသည်။

ABSDFနှင့် ပြည်ထောင်စုငြိမ်ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့(UPWC) ၏ နည်းပညာအထောက် အကူပြု အဖွဲ့တို့ နိုဝင်ဘာလ ၈ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် တွေ့ဆုံခဲ့ကြ သေးသည်။ ထိုဆွေးနွေးပွဲတွင် ABSDF မှ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီဦးဆောင်ကာ ABSDF အနောက်ပိုင်း၊ မြောက်ပိုင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းကော်မတီတို့ တက်ရောက်ခဲ့ကြသည်။