ချင်းအမျိုးသားတို့၏ ဘုံသဘောတူညီမှုရရန် ညီလာခံစတင်

ချင်းအမျိုးသားတို့၏ ဘုံသဘောတူညီမှုရရန် ညီလာခံစတင်
by -
ရွှေဟင်္သာ

ချင်းနိုင်ငံရေး ပါတီများ၊ချင်းလက်နက်ကိုင် အဖွဲ့နှင့် ချင်း လူထုပါဝင်သောချင်း အမျိုးသား ညီလာခံ တစ်ရပ်ကို ချင်းပြည်နယ်ဟားခါးမြို့တွင်ကျင်းပနေပြီးချင်း အမျိုးသားများ၏ ဘုံ သဘောထားကို ဖော်ထုတ် မည်ဟုညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင်၊ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းငယ်ပီးက ပြောသည်။

ဆလိုင်းငယ်ပီးက “မကြာခင် ကျင်းပမယ့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ တွေမှာ ချင်း လူမျိုးတွေရဲ့ ဘုံ သဘောထား ဖော်ထုတ်နို်င်ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲမှာ ချင်း လူမျိုးတွေရဲ့ ဆွေးနွေးမယ့် အကြောင်း အရာတွေ ရှာဖွေဖို့၊ ပြန့်ကျဲနေတဲ့ ချင်း လူမျိုးစု တွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့၊ ရင်းနှီးဖို့ ရည်ရွယ်ပါတယ်” ဟုရှင်းပြသည်။

chin nation conference

ထို့အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ချင်း တိုင်းရင်းသားများ ပါ၀င်နိုင်ရေး အတွက် ဆွေးနွေးမည် ဖြစ်သလို မြွေတောင် ဖားတောင် ကိစ္စရပ်များ ကိုလည်း တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း ချင်းတောင် သံယံဇာတ စောင့်ကြည့်ရေး အဖွဲ့ ဗဟို အလုပ်အမှုဆောင် ကိုလျန်ထောင်က ပြောသည်။

“၂၀၁၄မှာ ပင်လုံကဲ့သို့သော ညီလာခံ တရပ်ကျင်းပမှာ ဖြစ်တဲ့အတွက် ချင်း တစ်မျိုးသားလုံးရဲ့ ဘုံသဘော တူညီချက်ကို ကျွန်တော်တို့ စုပေါင်းပြီး ရှာဖွေမယ်၊ သံယံဇာတ ကိစ္စတွေ သဘောထားတွေကို ဆွေးနွေးမယ်” ဟု၎င်းက ပြောဆို သည်။

ချင်းပါတီများ၊ အဖွဲ့အစည်းများ အပါအဝင် စိတ်ပါ၀င်စားသူ လူဦးရေ (၅၇၀)ခန့် တက်ရောက်ပြီး နိုဝင်ဘာလ (၁၂) ရက်တွင် သဝဏ်လွှာများ ဖတ်ကြားခြင်း၊ မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်ငိုင်း၊ ချင်းအမျိုး သားတပ်ဦး အဓိပတိ အဖွဲ့ဝင် ဒေါက်တာ ဇလှယ်ထန်း နှင့် ချင်းတိုင်းရင်း သား ရေးရာ ၀န်ကြီးတို့က မိန့်ခွန်း အသီးသီး ပြောကြား ခဲ့သည်ဟု ကိုလျန်ထောင်ကပြောသည်။

အဆိုပါ ညီလာခံကို နို၀င်ဘာ (၁၂)ရက်မှ (၁၄) ရက်အထိ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ (Caison hall) တွင် ကျင်းပနေခြင်း ဖြစ်သည်။ ယခုကဲ့သို့ ညီလာခံ ကျင်းပခြင်းသည် (၆၅) နှစ်အတွင်း ချင်း လူမျိုးများ ပထမဆုံး အကြိမ်အဖြစ် တစ်ခုတစည်းတည်း တွေ့ဆုံနိုင်ခြင်း ဖြစ်သည်။

(၁၉၄၈) ခုနှစ်က ဖလမ်းမြို့တွင် ချင်းအမျိုးသား ညီလာခံကို ကျင်းပခဲ့ပြီး ယခု ဒုတိယအကြိမ် ကျင်းပသည့် ညီလာခံသည် ပထမ အကြိမ်ထက် ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမည် ဖြစ်ကြောင်း အရှို ချင်းအမျိုးသား ပါတီ ကိုယ်စားလှယ် ဆလိုင်းသက်နိုင်က ပြောသည်။

“ပါတီတွေ၊ ကျောင်းသားတွေ၊ ချင်း အမျိုးသမီးအဖွဲ့ တွေတက်ကြတယ်။ ထူးခြားချက်က ချင်းအမျိုးသမီး တွေ အခုလို တက်ရောက်ပြီး ချင်းအမျိုးသမီးထု အတွက် ဆွေးနွေး လာတာပဲဗျ”  ဟု ဆလိုင်းသက်နိုင်က ဆိုသည်။

ချင်းအမျိုးသား ညီလာခံတွင် အဓိကဆွေးနွေးမည့် အကြောင်းအရာ များမှာ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာမူဘောင် ကိစ္စများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စများ၊ မြေယာနှင့် သဘာဝ သယံဇာတ ကိစ္စများ၊ တရားဥပဒေ ရေးရာ ကိစ္စများ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ဆိုင်ရာ အခွင့်အရေး၊ ချင်းမျိုးနွယ်စု (၅၃) မျိုးအရေး၊ ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့်၊ စီးပွားရေးဆိုင်ရာ အရေးကိစ္စများ (အခြေခံအဆောက်အဦး များ ဖွံ့ဖြိုး တိုးတက်ရေး) စားနပ်ရိက္ခာ ဖူလုံမှုနှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ကိစ္စများ၊ ပညာရေးဆိုင်ရာ ကိစ္စများ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စများ၊ ချင်းဒုက္ခသည် များ အရေး၊ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှရေး၊ မူးယစ်ဆေးဝါး အရေးတို့ ပါ၀င်မည် ဖြစ်သည်။