အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ကြား ဆွေးနွေးလျက်ရှိသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ပြင်ဆင်နေခြင်းသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်အဖြစ် တည်ထောင်ရန်ဖြစ်သည့်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်ထောင်စုတပ်မတော်ဖြစ်ရေးတို့အတွက် စိုးရိမ်ရန် မလိုဟု သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောဆိုလိုက်သည်။
“ကျွန်တော်တို့ အခုလက်ရှိ ဦးတည် ဆွေးနွေးနေတဲ့အထဲမှာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးဆိုတာ ပါပြီးသားပါ။ ဖက်ဒရယ်ပြည်ထောင်စုဆိုမှတော့ သူနဲ့ညီညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ ပြည် ထောင်စုနဲ့ ညီညွတ်တဲ့ တပ်မတော်တို့ ဆိုတာတွေက ဖြစ်လာမှာပါ။ အဓိကက ဖက်ဒရယ်ကို ရည်ညွှန်း တာဖြစ်လို့ ဘာမှ အခက်အခဲမဖြစ်ပါဘူး။ ဘာမှ စိုးရိမ်စရာမဖြစ်ပါဘူး”ဟု ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေး ဂေဟာတွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် နို၀င်ဘာ ၁၀ ရက်၌ ဦးအောင်မင်းက ပြောကြားခဲ့သည်။
ဦးအောင်မင်းက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးပွဲများကို အောင်မြင်သည်ဟု ရှုမြင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ပေါက်သည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။ ထို့အပြင် နိုင် ငံရေးပါတီအချို့မှ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင် များကိုလည်း တွေ့ဆုံပေးရန် စီစဉ်နေသည်ဟု ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကလည်း ပြီးခဲ့သည့် လကုန်ပိုင်းက ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တွေ့ဆုံကာ အစိုးရကမ်းလှမ်းထားသည့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန်အပြင် ဖက်ဒရယ် ပြည်ထောင်စုနှင့် တပ်မတော် ကိစ္စများ ဆွေးနွေးခဲ့သေးသည်။
ထို့နောက် အစိုးရနှင့် မြစ်ကြီးနားမြို့တွင် ယခုလဆန်းပိုင်း၌ ဆွေးနွေးခဲ့သော်လည်း တိကျသည့် သဘော တူညီမှု တစ်စုံတစ်ရာ မရရှိခဲ့ဘဲ ပြီးဆုံးခဲ့သည်။ ဒီဇင်ဘာလတွင်လည်း ဘားအံမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထပ်မံတွေ့ဆုံရန် စီစဉ်ထားပြီး ထိုအစည်းအဝေးတွင် ဖက်ဒရယ်တပ်မတော် ဖြစ် ပေါ်လာရေး အဓိကထား ဆွေးနွေးမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလို့ထူးဘော စစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးစောဆန်းအောင်က မဇ္စျိမသို့ ပြောဆိုထားသည်။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်အကူပြု အဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေကမူ လတ်တလောအခြေအနေတွင် အဆင့်ဆင့်သော ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်ရန် ရှိနေသေး သည်ဟု သုံးသပ်သည်။
“ကျွန်တော်နားလည်တာကတော့ လက်ရှိပြောင်းလဲနေတဲ့စနစ်မှာ တစ်ခါတည်း အကုန်လုံးကို ပြောင်းလိုက်မယ်ဆိုတာကတော့ မရဘူးလို့ မြင်တယ်။ အခုက အစိုးရနဲ့ လက်နက်ကိုင် နှစ်ဖွဲ့တည်းပဲ ဆွေးနွေး နေသေးတာလေ၊ အပစ်ရပ်ဖို့ ဆွေးနွေးနေတယ်ဆိုတာလည်း မှန်တယ်။ ဒါပေမဲ့ နိုင်ငံရေး ဖြေရှင်းရမယ့် ကိစ္စတွေကို နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရမယ်လို့ ကျွန်တော်တော့ မြင်တယ်”ဟု ပြောသည်။
ဖက်ဒရယ်တပ်မတော်ကိစ္စ တည်ထောင်ရေးသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်နှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ အခြားသော အင်အားစုများ၊ နိုင်ငံရေးပါတီများ၏ အကြံဉာဏ်များကိုလည်း ရယူသင့်သဖြင့် နိုင်ငံရေးဆွေးနွေးပွဲများသည်သာ အဖြေဖြစ်မည်ဟု ရှုမြင်သည်။
လက်ရှိအချိန်တွင် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးမှုများအပေါ် ခွဲမထွက်ရန်နှင့် နိုင်ငံ၏အချုပ်အခြာအာဏာကို ထိပါးခြင်းမပြုလျှင် လွတ်လပ်စွာပြုလုပ်နိုင်သည်ဟု မှတ်ချက်ပြုထားသည်။ ထို့ပြင် အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုများကိုလည်း အသိအမှတ်ပြုပြောဆိုထား ပြီး အစွန်းမရောက်ရန် လိုသည်ဟု ဦးသိန်းစိန်က သတိပေးထားသည်။