ရွှေဆိုင်လုယက်သူ တပ်မတော်အရာရှိတစ်ဦးအား သက်ဆိုင်ရာတပ်သို့လွှဲပြောင်း

ရွှေဆိုင်လုယက်သူ တပ်မတော်အရာရှိတစ်ဦးအား သက်ဆိုင်ရာတပ်သို့လွှဲပြောင်း
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ကျေးရွာရှိ ဦးတင်မြင့်ရွှေဆိုင်အား သထုံအခြေစိုက်လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်ကြီးတစ်ဦးက လက်နက်ငယ်ဖြင့်ခြိမ်းခြောက်၍ လုယက်မှုပြုလုပ်ခဲ့ရာ ဒေသခံများ ဖမ်းဆီးရမိပြီးနောက် ယခုအခါ သက်ဆိုင်ရာတပ်သို့ အပ်နှံလိုက်သည်ဟု သိရသည်။

ဒေသခံသတင်းထောက်များ ပြောကြားချက်အရ နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းတွင် ရွှေဆိုင်လုယက်သူ သထုံအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်ကြီးအောင်မင်းခန့်အား ၉ မမ ပစ္စတိုတစ်လက်၊ ကျည် ၉ တောင့်၊ ဆိုင်ကယ်တစ်စီး၊ ဖုန်း၊ မှတ်ပုံတင်၊ အရာရှိကဒ်ပြားနှင့်အတူ ၄င်းလုယက်မှုကျူးလွန် စဉ်တွင် လက်ရဖမ်းဆီးရမိခဲ့သည်ဟု ဇင်းကျိုက် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူက “ ဗိုလ်ကြီးအောင်မင်းခန့် ကို (ပ)၁၁၁/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၂ အရ ပေါင်မြို့နယ်ရဲစခန်း မှာ အမှုဖွင့်ထားတယ်၊ စစ်တပ်ကဖြစ်တဲ့အတွက် သက်ဆိုင်ရာ တပ်ကို အပ်ထားပါတယ်” ဟုပြောသည်။

၄င်းဖြစ်စဉ်တွင် ရွှေဆိုင်ပိုင်ရှင်အား သေနတ်ထုတ်၍ ချိန်ရွယ်ကာ ရွှေများထုတ်ပေးရန် ပြောဆိုခဲ့ပြီး ဘီဒိုမှန်ခွဲ၍ရွှေများကောက်ယူနေချိန်တွင် အနီးပတ်ဝန်းကျင်ရှိ လူအများရောက်ရှိကာ ဝိုင်းဝန်းဖမ်းမိခဲ့သည်ဟု ရွှေဆိုင်ပိုင်ရှင် ဦးတင်မြင့်က ပြောသည်။

ဦးတင်မြင့်က “ သူက ဆိုင်ကယ်နဲ့လာတယ်၊ ရွှေတွေထည့်ခိုင်းတယ်၊ ကျနော်သမီးအိပ်နေတာဟိုပြောဒီပြော နဲ့ အလစ်မှာ နောက်ကနေခုံချလိုက်တယ်၊ သမီးလည်းနောက်ဖေးကအော်တယ် ကျနော်အော်တော့ လူတွေရောက်လာပြီး ဖမ်းမိတယ် ” ဟုပြောသည်။

ယခုအခါ ဦးတင်မြင့်ရွေဆိုင်သည် ပုံမှန်အတိုင်း ဆိုင်ဆက်လက်ဖွင့်နေသည် ဟု သိရသည်။

ဇင်းကျိုက်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးမင်းက “ မှန်ခွဲသံ၊ အော်သံကြားတော့ ကျနော် ရယ် ဦးဝင်းနိုင် ၊ဦးတင်စိုး သူ့ကိုဝင်လုံးတော့ သူ့သေနတ်နဲ့ ကျနော်ကို ထုတယ် လက်ရောင်သွားတယ်၊ သူက ဦးထုပ်ဆောင်း ၊ လက်အိပ်ဝတ်ထားတယ်” ဟုပြောသည်။

ဘောလုံးပွဲလောင်းကစားလုပ်ရာမှ အကြွေး ၁၁ သိန်း ပေးရန်ရှိသောကြောင့် သဲအိမ်ကျေးရွာရှိ လေကြောင်း ရန် ကာကွယ်ရေး ၁၀၀၇ တပ်ရင်းသို့ အပြန်တွင် ရွှေဆိုင်တွေ့ကာစိတ်ရိုင်း ဝင်လာပြီး ယင်းကဲ့သို့ကျုးလွန် ခဲ့ကြောင်း ထွက်ဆိုထားသည်ဟု ဇင်းကျိုက်ရွာသားများက ပြောဆိုနေကြသည်။

ဇင်းကျိုက်ရွာတွင် တပ်မတော်အရာရှိတစ်ဦးက ရွှေဆိုင်လုယက်မှုဖြစ်စဉ်မှာ ယခုပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။