ရန်ကုန်ရှေ့နေများအသင်းနှင့် မွန်ပြည်နယ်ရှေ့နေများအသင်းတို့ ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်အလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဘင်ဟမ်းစင်တာ (Bingham Center) မှ ဦးဆောင်၍ ရန်ကုန်ရှေ့နေများအသင်းနှင့် နယ်ရှေ့နေများအသင်းတို့ ပူးပေါင်း၍ ယင်းအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီ ဒေသခံလူမှုအခြေပြု အဖွဲ့များ၊ စိတ်ဝင်စားသူလူထု ၁၀၀ ကျော်ခန့်တက်ရောက်ကြသည်ဟု ဆိုသည်။
ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ဦးကိုကိုဇော်က “ အခြေခံဥပဒေတစ်ခုလုံးကို ဆွေးနွေးဖို့ အချိန်က မလောက်ဘူးလေ၊ ဒါကြောင့် ဆွေးနွေးတဲ့နေရာမှာ ခေါင်းစဉ် ၅ ခုခွဲပြီးတော့ ဆွေးနွေးတယ်၊ ထွက်လာတဲ့ ရလဒ်တွေကို လွှတ်တော်သို့ တင်သွင်းသွားမယ်” ဟု ပြောသည်။
အဓိကအချက်များမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ နှင့် အသွင်းကူပြောင်းရေးဆိုင်ရာ ပြဌာန်ချက်များကို ဦးစားပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရာမညငြိမ်းချမ်းရေးဖောင်ဒေးရှင်းဥက္ကဌ မင်းအောင်ဇေက “ဒီအခြေခံဥပဒေမှာ လွှတ်တော်အမတ် ရ၅ ရာခိုင်နှုန်းထောက်ခံမှဖွဲ့စည်းပုံပြင်ဆင်လို့ရမယ်ဆိုတာကို အရင်ဆုံးပြင်ရပါမယ်၊ စစ်တပ်က နေရာယူထါးတာကိုလည်း ပြင်ရမယ်” ဟု ပြောသည်။
ဦးဆောင်ဆွေးနွေးကြသည့် ရှေ့နေအဖွဲ့များနှင့် တက်ရောက်သူများ၏ ဆန္ဒသဘောထားများ တူညီကြ ကြောင်း၊ အခြေခံဥပဒေကို အသစ်ရေးဆွဲချင်သော်လည်း မဖြစ်နိုင်သည့် အနေအထားကြောင့်ပြင်ဆင် ရေးကိုသာ ဦးစားပေး လုပ်ဆောင်လိုသည့် ဆန္ဒများလည်း ထပ်တူရှိနေကြောင်း မင်းအောင်ဇေကဆက် ပြောသည်။
မင်းအောင်ဇေက “ အသစ်ရေးရင် စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်နေတယ် ပြောနေတော့ အာဏာသိမ်းမယ့် အန္တရာယ်ကိုလည်း စိုးရိမ်နေရတယ်” ဟု ဆက်ပြောသည်။
အလားတူ ယင်းရန်ကုန်ရှေ့နေများအသင်းသည် နိုဝင်ဘာ ၅ ရက်နေ့၌ ကရင်ပြည်နယ်၊ ဖားအံမြို့၊ဇွဲကပင်ဟိုတယ်တွင်၄င်း၊ ၆ ရက်နေ့၌ ပဲခူးမြို့၊ ရွေဝါထွန်းဟိုတယ်တွင်၄င်း ဆက်လက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်များကို နယ်မြေခံရှေ့နေများနှင့် ကျင်းပခဲ့သည်ဟု သိရသည်။
ထို့နောက် နိုဝင်ဘာ ရ ရက်နေ့တွင် နေပြည်တော်၊ ၈ ရက်နေ့တွင် မန္တလေး၊ ၁၀ ရက်နေ့တွင် တောင်ကြီး မြို့၊ ၁၁ ရက်နေ့တွင် မိတ္ထိလာမြို့နှင့် ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ဆက်လက် လုပ်ဆောင်သွားမည်ဟု လက်ကမ်းစာများ ဖြန့်ဝေထားသည်။
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်သူ ဆန္ဒသဘော ထားကောက်ယူမှုများကို မွန်ပြည်နယ်အတွင်း၌ နိုဝင်ဘာ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လာမည့်ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်သွင်းရမည် ဖြစ်သည်၊