ဘန်ကောက် Iron Cross ပွဲသွား မြန်မာများ ရာနှင့်ချီ အဖမ်းခံရ

ဘန်ကောက် Iron Cross ပွဲသွား မြန်မာများ ရာနှင့်ချီ အဖမ်းခံရ
by -
ဇော်ကြီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော Iron Crossအဖွဲ့၏  ထိုင်း-မြန်မာ ချစ်ကြည်ရေး ရန်ပုံငွေဂီတ ပွဲတော်သို့ သွားရောက်သူ မြန်မာနိုင်ငံသားများ ရာချီ၍ အဖမ်းခံခဲ့ရသည်။ ယင်းဂီတ ပွဲတော်ကို ယမန်နေ့ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ဘန့်ဘော်ခရိုင်တွင် ကျင်းပခဲ့ခြင်းဖြစ် ...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော Iron Crossအဖွဲ့၏  ထိုင်း-မြန်မာ ချစ်ကြည်ရေး ရန်ပုံငွေဂီတ ပွဲတော်သို့ သွားရောက်သူ မြန်မာနိုင်ငံသားများ ရာချီ၍ အဖမ်းခံခဲ့ရသည်။

ယင်းဂီတ ပွဲတော်ကို ယမန်နေ့ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ဘန့်ဘော်ခရိုင်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရမှုအခြေအနေကို ရခိုင်အမျိုးသားသတင်းစာမှ ကိုအောင်မြင့်သိန်းက ယခုလိုပြောသည်။

“လက်မှတ်စရောင်းကတည်းကနေ ဒီလမ်းတလျှောက်ပေ့ါနော့။ စတိတ်ရှိုးရုံရောက်ဖို့အတွက် ကိုက် ၅ဝဝ လောက် ဝင်လာရမယ်၊ အဲဒီလမ်းတလျှောက်နဲ့ စတိတ်ရှိုးကျင်းပတဲ့ နေရာ တလျှောက်လုံး မှာတော့ ဘာမှမဖြစ််စေရဘူး။ လုံခြံုရေးတာဝန်ယူတယ်ဆိုပြီးသူတို့ ပြောထားတယ်လေ၊ ဒါပေမဲ့လည်း တကယ်တန်းကျတော့ မနေ့က ၆ နာရီတောင် မထိုးသေးဘူးခင်ဗျ လမ်းကိုဝင်လာပြီး ကိုက် ၁ဝဝ လောက်မှာ သူတို့ ရဲကားနဲ့ မီးပွိုင့်ချပြီး တော့ ဘန်ကောက် Immigration(လူုဝင်မှုကြီးကြပ်ရေးအဖွဲ့)က လာပြီးတော့ ဖမ်းသွားတာ အချုပ်ကားကြီး သုံးစီးလောက်ဆိုတော့ အားလုံး နှစ်ရာကျော် လောက်ရှိမယ်။”

ဖမ်းဆီးခံရသူများမှာ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင် လက်မှတ်မရှိသူများနှင့် လက်မှတ်ရှိသော်လည်း နေထိုင်ခွင့်ပြုထားသည့် နယ်ကျော်လာ သူများကို ဖမ်းဆီးခြင်းဖြစ်သည်ဟု မဟာချိုင် အလုပ်သမား မှတ်ပုံတင်ကိုင်ဆောင်ထားပြီး အဖမ်းခံခဲ့ရသူ တယောက်က  ပြောသည်။

ဂီတပွဲတော်ကို ထိုင်းအာဏာပိုင်များနှင့်ညှိနှိုင်း၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ရရှိသည့် အမြတ်ငွေကို ရပ်ဘူရီခရိုင်၊ ဝပ်မာဖွတ် ဘုန်းကြီးကျောင်းမှ မိဘမဲ့ကလေးများနှင့် HIV/ AIDS ဖြစ်နေသူများကို လှုဒါန်းရန် ရည်ရွယ် ထားခြင်းဖြစ်သည်။

သို့သော် ဖမ်းဆီးမှုများကြောင့် လာရောက်သူနည်းပါးသွားသဖြင့်  အရှုံးပေါ်သည်ဟု ပွဲစီစဉ်ပေးသူတဦးက ယခု လိုပြောသည်။

“ရှုံးတာက အလှူမှာ မတည်ငွေထည့်ထားတဲ့ငွေတွေလည်း အကုန်လုံးဆုံးသွားတာ ပေ့ါနော်၊ ကျနော်တို့ လူ ၄ဝဝဝ လောက်ဝင်မှ အရင်းပြန်ရမှာကိုး။ ကျနော်မှန်းထားတာက ၆ သောင်း လောက် ရမယ်လို့။ အခုက အကုန်လုံး ရှုံးကုန်တာပေ့ါနော်။”

ယမန်နေ့က ကျင်းပသော ဂီတပွဲသည် ထိုင်းနိုင်ငံတွင် Iron Cross အဖွဲ့၏ ပထမဆုံး ဖျော်ဖြေပွဲ ဖြစ်ပြီး အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်နှင့် ကြိုးကြာတို့ လာရောက်သီဆိုခဲ့ကြသည်။
 

Most read this week